သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီတက် ကျောင်းသားသပိတ်အဖွဲ့ ကျောက်ပန်းတောင်းမှာ နားထားမည်


ကျောင်းသားသပိတ်စစ်ကြောင်း ကျောက်ပန်းတောင်းမြိုု့ခံ ကျောင်းသားများ ကြိုဆို (သတင်းဓာတ်ပုံ Credit to- ကိုအောင်ထက်နိုင် ရမည်းသင်း FB)
ကျောင်းသားသပိတ်စစ်ကြောင်း ကျောက်ပန်းတောင်းမြိုု့ခံ ကျောင်းသားများ ကြိုဆို (သတင်းဓာတ်ပုံ Credit to- ကိုအောင်ထက်နိုင် ရမည်းသင်း FB)

အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်ပြီး ခရီးရှည် ချီတက် ဆန္ဒပြနေတဲ့ ကျောင်းသားတွေဟာ အခုဆို ကျောက်ပန်းတောင်းမြို့ မှာ ရောက်နေကြပြီး နောက်ထပ် ဆက်ပြီး ချီတက်တာ မလုပ်ဘဲ ရပ်နားထားမယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲ ကို စောင့်ကြည့်နေချိန် အတွင်း ကျောက်ပန်းတောင်းမှာပဲ ဆန္ဒပြ လှုပ်ရှားမှုတွေကို ဆက်လုပ်သွား မယ်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ကျောင်းသားသပိတ် ကျောက်ပန်းတောင်းမြို့ရောက်ရှိ။ သတင်းဓာတ်ပုံ Credit to- နာရေးကူညီမှုအသင်း (ရန်ကုန်)
ကျောင်းသားသပိတ် ကျောက်ပန်းတောင်းမြို့ရောက်ရှိ။ သတင်းဓာတ်ပုံ Credit to- နာရေးကူညီမှုအသင်း (ရန်ကုန်)

ဗုဒ္ဓဟူးနေ့က မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံပြီးတဲ့နောက် ဗကသများ အဖွဲချုပ်က ခေါင်းဆောင်တွေ ဟာ ကြာသပတေးနေ့ည မှာတော့ ကျောက်ပန်းတောင်းမြို့မှာ ညနက်တဲ့အထိ အစည်းအဝေး လုပ်ခဲ့ကြပါတယ်။

ချီတက်ကျောင်းသားသပိတ် ကျောက်ပန်းတောင်းမြို့ကို ဆိုက်ရောက်။ (သတင်းဓာတ်ပုံ Credit to - နာရေးကူညီမှုအသင်း (ရန်ကုန်) )
ချီတက်ကျောင်းသားသပိတ် ကျောက်ပန်းတောင်းမြို့ကို ဆိုက်ရောက်။ (သတင်းဓာတ်ပုံ Credit to - နာရေးကူညီမှုအသင်း (ရန်ကုန်) )

ဒီဆုံးဖြတ်ချက်အရ ကျောက်ပန်းတောင်းမြို့ကနေ တခြားမြို့တွေဘက်ကို ဆက်လက်ချီတက်တာတွေ မလုပ် သေးပဲ သပိတ်လှုပ်ရှားမှု ပုံစံပြောင်းပြီး ဖေဖေါ်ဝါရီလ ၁ရက်နေ့ ဆွေးနွေးပွဲကို စောင့်ကြည့်သွားမယ်လို့ သပိတ်ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုသီဟဝင်းတင်က ဆိုပါတယ်။

" လူထု ထောက်ခံမှုကလည်း အရမ်းအားကောင်းတယ်။ ပြီးတော့ လူထုတွေကလည်း မေတ္တာရပ်ခံပြီးတော့ သူတို့ကို ပညာရေးဥပဒေ ရှင်းပြဖို့ဆိုတာလည်း ပါတယ်။ ပြီးတော့ ကျနော်တို့အနေနဲ့က ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပွဲကို သံသယရှိတာက တပိုင်းပေါ့နော်။ ဒီဆွေးနွေးပွဲ သွားနေတဲ့အချိန်မှာ ဒီဆွေးနွေးပွဲကို သတိကြီးစွာနဲ့ စောင့်ကြည့်နေမယ်ဆိုတဲ့ အပိုင်းတပိုင်း၊ ကျနော်တို့က လှုပ်ရှားမှုပုံစံတခုကို ပြောင်းလိုက်တယ်။ မြို့တမြို့ကနေ တမြို့ကို ကူးတဲ့ပုံစံကတော့ ကျနော်တို့ ရပ်ထားမယ်ပေါ့နော်။

ဒါပေမဲ့ သဏ္ဍာန်ပေါင်းစုံနဲ့ လှုပ်ရှားမှုရှိမယ်။ မြို့ထဲမှာ လှည့်လည်ပြီးတော့ လမ်းလျှောက်တာလည်း ရှိကောင်းရှိလိမ့်မယ်။ ဒါမှမဟုတ် တစ်နေရာ တခုမှာပဲ ကျနော်တို့ ဟောပြောပွဲ တွေလုပ်တာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဆွေးနွေးပွဲ တွေ လုပ်တာဖြစ်ကောင်းဖြစ်လိမ့်မယ်။ တရားပွဲတွေ လုပ်တာလည်း ဖြစ်ကောင်းဖြစ် လိမ့်မယ်။ အဲ့တာကို တစ်ရက်နေ့အထိစောင့်မယ်။ အဲ့ဒီ့တစ်ရက်နေ့မှာ ဒီရလာဒ်ကိုကြည့်ပြီး ဖြစ်မလာဘူးဆိုရင် ကျနော်တို့ မူလ စီစဉ်ထားတဲ့ လမ်းကြောင်း အတိုင်း ရန်ကုန်ကို လမ်းလျှောက်ချီတက်ဖို့ ရှိတယ်။"

အစိုးရနဲ့ ကျောင်းသားနှစ်ဖက်တွေ့ဆုံမူတွေ အတွင်း သူတို့အနေနဲ့ ရှေ့ကနမူနာ အတွေ့အကြုံတွေအရ အကောင်းမြင်ဖို့အတွက် ခက်ခဲပုံတွေကိုလည်း ဗကသများ အဖွဲ့ချုပ်က သပိတ်ခေါင်းဆောင် ကိုသီဟဝင်းတင်ကဆိုပါတယ်။

" ပထမဆုံး စတွေ့တဲ့ဥစ္စာက ဒါဆွေးနွေးပွဲလို့ မသတ်မှတ်ထားဘူး။ ဆွေးနွေးပွဲလို့ သတ်မှတ်ထားတာမဟုတ်ပဲနဲ့ ဒီလေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက်ကို ဘယ်လိုဒီဇိုင်းမျိုးနဲ့သွားမယ် ဆိုတာ ညှိနှိုင်းတဲ့အဆင့်လို့ပဲ ကျနော်တို့က သတ်မှတ်ထားတယ်။ ကျနော်တို့ မြင်းခြံမှာ စပြီးတော့ လူထုက အလုံးအရင်း ပါလာတယ်။ ဒီရှေ့ပိုင်းမှာပါပေမဲ့ သိပ်အလုံးအရင်းတော့ မဟုတ်သေး ဘူးပေါ့။ မြင်းခြံ မှာ လူထုထောက်ခံအားက အရှိန်က တဖြေးဖြေးနဲ့မြင့် လာတာပေါ့နော်။ စထွက်လာတာနဲ့ မြင့်လာတဲ့အနေအထားမျိုးမှာ အစိုးရအနေနဲ့ တခုခု တုန်လှုပ်လာတာပါတယ်။ တုန်လှုပ်လာလို့ အခုအချိန်မှာ ဆွေးနွေးပွဲ ဆိုတဲ့ဥစ္စာနဲ့ ကျနော်တို့ကို အရှိန်လျှော့ချတယ်လို့ ကျနော်တို့ကမြင်တယ်။ ဘာဖြစ်လို့ အဲ့လို အဆိုးချည်းပဲမြင်နေရသလဲဆိုတော့ ကျနော်တို့ တွေ့နေရတာတွေက ဦးအောင်မင်းတို့ ငြိမ်းချမ်းဆွေးနွေးပွဲ ပုံစံတွေ လုပ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းဆွေးနွေးပွဲ လုပ်တဲ့ ခဏမှာပဲ တိုက်ပွဲတွေက ပြန်ဖြစ်တာတွေ ရှိတယ်။ ဒီ့အတွက် ဒါကို သင်္ဂဟဗျူဟာ တခုအနေနဲ့ အစိုးရက အသုံးချတယ်။ တိုက်ပွဲ အရှိန်လျှော့ချတဲ့ အနေနဲ့ပဲ ကျနော်တို့ ဗကသအနေနဲ့က မြင်တယ်ခင်ဗျ။"

ကျောင်းသားတွေဘက်ကတော့ ဆွေးနွေးနေစဉ်ကာလမှာ ဆွေးနွေးပွဲတွေ အားကောင်းစေဖို့ အတွက် ဗကသ တကသ မြေလတ် ကျောင်းသားတွေ ဧရာဝတီ၊ ထားဝယ်၊ ရခိုင်စတဲ့ နေရာဒေသတွေက ကျောင်းသားတွေနဲ့ချိတ်ဆက်ပြီး သပိတ်လှုပ်ရှားမူတွေကို ဆက်လုပ်နေမှာဖြစ်ကြောင်း ပြောပါတယ်။

သူတိုအနေနဲ့ ပြည်သူတွေရဲ့အားကိုးယုံကြည်မူကို ကြည့်ပြီး သူတို့ကျောင်းသား အချင်းချင်းကြားမှာလည်း စည်လုံးညီညွတ်ရေးကို ပိုမိုလုပ်ဆောင်သွားမယ်လို့ ဗကသများအဖွဲ့ချုပ်ကဆိုပါတယ်။

မန္တလးက ရန်ကုန်ကို ချီတက်ရာလမ်းတလျောက်မှာ အာဏာပိုင်တွေ ရဲ့ စောင့်ကြည့်မှတ်တမ်း ယူတာ၊ တားဆီးနှောက်ယှက်တာတွေ ကြုံခဲ့ရပြီး တောင်သာမြို့အဝင် ဝဲလောင်မြို့အထွက် တောင်ကြားတွေမှာ ရဲအင်အား အလုံးအရင်းနဲ့ တားဆီးမူတွေကို ပြည်သူလူထုအားနဲ့ ဖောက်ထွက်နိုင်ခဲ့ တာဖြစ်လို့ မြို့တိုင်းက ထောက်ခံအားပေးကြတဲ့ ပြည်သူတွေရဲ့အားကိုးမှုတွေ ယုံကြည်တယ်လို့ ဗကသတွေက ဆိုပါတယ်။

ခရီးရှည်ချီတက်မှု လုပ်နေတဲ့ကျောင်းသားတွေရဲ့လုံုခြုံရေးဟာ မြို့နယ်တချို့မှာ စိုးရိမ်စရာတွေ ရှိခဲ့ပေမဲ့ ရန်ကုန်နာရေးကူညီမူအသင်းနဲ့ ပရဟိတအဖွဲ့တွေ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့ သတင်းသမားတွေကလည်း မျက်ခြေ မပြတ် စောင့်ကြည့်မူတွေ ရှိသလို တပ်မတော်သားတချို့ ကပါ ကျောင်းသားတွေ ကို ထောက်ခံအားပေးတဲ့အတွက် သူတို့ လှုပ်ရှားမူဟာ ရည်မှန်းချက် ရတဲ့အထိ ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း ရမည်းသင်း နည်းပညာကောလိပ်ကျောင်းသား ကိုအောင်ထက်နိုင်ကလည်းပြောဆိုသွားပါတယ်။

XS
SM
MD
LG