သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပညာရေး ဆန့်ကျင်ခရီးရှည်အဖွဲ့ ပုပ္ပါးရောက်


(ဓာတ်ပုံ - ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ)
(ဓာတ်ပုံ - ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ)

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို ဝဲလောင်မြို့နဲ့ ပုပ္ပါးမြို့ကြားက မြင်စိုင်းတောင်ကြားမှာ အာဏာပိုင်တွေက တားဆီးမှုတွေ လုပ်ခဲ့ပေမဲ့ ဆက်လက်ချီတက်ခဲ့ပြီး လုံခြုံရေးအခြေအနေတွေကြောင့် ပုပ္ပါးမြို့ကိုရောက်ဖို့အတွက် ၁၀ မိုင်ခရီး ကားစီးခဲ့ရတယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကျောင်းသားတွေရဲ့ တောင်းဆိုချက်အတိုင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၄ ပွင့်ဆိုင် ဆွေးနွေးမှုတွေ လုပ်ပေးမယ်လို့ မြန်မာအစိုးရဘက်က သဘောတူခဲ့တာပါ။ တချိန်တည်းမှာပဲ သပိတ်မှောက် ချီတက်နေတဲ့ ကျောင်းသားတွေဟာ ဝဲလောင်မြို့ကနေ ပုပ္ပါးမြို့ကိုလာရာ တောင်ကြားလမ်းမှာ အာဏာပိုင်တွေရဲ့ ပိတ်ဆို့တားဆီးမှုကို ကြုံခဲ့ရပါတယ်။ ဒီတားဆီးမှုကနေ ကျောင်းသားတွေ ဖောက်ထွက်ခဲ့ရပုံကို သပိတ်မှောက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုရဲရင့်ကျော်က အခုလို ပြောပြပါတယ်။

“တောင်ကြားမှာက သူတို့ တားထားတယ်။ တားထားတဲ့အချိန် ကျနော်တို့ စစ်ကြောင်းမရောက်ခင် ရှေ့ပြေး ၂ ယောက်နဲ့ သူတို့စကားပြောနေတယ်။ ကျနော်တို့က ဒီဘက် လမ်းအလယ်မှာ သူတို့ပြောနေတုန်း လမ်းညာဘက်ကနေပြီးတော့ အလံကိုင်တွေကို ကျနော် တက်တက်တက် ဆိုပြီးတော့ ဖမ်းတက်ပြီးတော့ ဆက်ထွက်လာခဲ့တာ။ ထွက်လာခဲ့တဲ့အတွက် သူတို့ ဒီစစ်ကြောင်းကို သူတို့ တားချိန်မရလိုက်ဘူးပေါ့။ ညကလည်း မှောင်နေပြီ။ သူတို့စိတ်ထဲမှာက ရှေ့ကနေ စကားပြောနေတယ်။ နောက်ကနေ ရပ်စောင့်ကြလိမ့်မယ်လို့ ထင်ပုံရပါတယ်။ ဒါပေမဲ့ ကျနော်တို့က ပြောနေတဲ့သူတွေကိုလည်း ဘယ်သူပြောနေလဲဆိုတာ မကြည့်တော့ဘူး။ လာဖို့လည်း မခေါ်ဘူး။ အဲ့ဒီဟာကိုလည်း ကျနော်တို့ သွားနားမထောင်ဘူး။ တက်တက်တက် ဆိုပြီးတော့ ဒါ ကျနော်တို့က စစ်ကြောင်းကို ဆက်ထွက်ခဲ့တာ။ အဲ့ဒီအချိန်မှာ သူတို့လည်း စစ်ကြောင်းကို မတားလိုက်နိုင်တဲ့အတွက် လွှတ်ပေးလိုက်ရတဲ့သဘော ဖြစ်သွားတာပေါ့နော်။ အဲ့လိုနဲ့ ကျနော်တို့လည်း ကျော်ဖြတ်ခဲ့တာပါ။ သူတို့နဲ့ ကျနော်တို့ သပိတ်ဦးဆောင်သူတွေနဲ့ တခွန်းမှ မပြောလိုက်ရဘူး။ သူတို့က ရှေ့ပြေးတွေကို သူတို့စိတ်ထဲမှာ ဘာထင်လဲ မသိဘူး။ သူတို့က အဲ့ဒါတွေနဲ့ အငြင်းအခုန်လုပ်နေတာ။ မင်းတို့ ဒီအစိုးရက တွေ့ဆုံမှု လုပ်ထားပြီးပြီပဲ။ ဘာဖြစ်လို့ မင်းတို့ ဆက်လျှောက်တာလဲ ဆိုတာမျိုးပေါ့နော်။”

မြင်းခြံမြို့ကနေ စပြီး ရန်ကုန်နာရေးကူညီမှုအသင်း ကားတွေနဲ့ မြင်းခြံ၊ တောင်သာ၊ ဝဲလောင် ဒေသခံတွေက ကျောင်းသားတွေနဲ့အတူ လိုက်ပါခဲ့ပြီး ကျောင်းသားတွေကို စောင့်ရှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မြင်စိုင်းတောင်ကြားမှာတော့ ရှေ့ပြေးသွားတဲ့ကား ၂ စီးထဲက လူတွေကို တားဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း ဆက်ပြောသွားပါတယ်။

“၂ ခုကြုံရတယ်ဗျ။ ကား ၂ စီးကြုံရတယ်။ တစီးက ရှေ့ပြေးသွားတဲ့ဟာကို သူတို့က ကားရပ်ခိုင်းပြီး စစ်တော့ ကျနော်တို့ထဲက မြင်းခြံကကျောင်းသား ကိုကိုနိုင့်ကို ကျောင်းသားဆိုပြီးတော့ ဆွဲချတယ်။ နောက် ရှေ့တစီးကကျတော့ ကျနော်တို့ NNER အဖွဲ့ပေါ့နော်။ ကျနော်တို့ ဝိုင်းဝန်းကူညီဖို့ရောက်နေတဲ့ NNER အဖွဲ့မှာ ရှေ့ခန်းမှာထိုင်နေတဲ့ ကိုရဲဝင်းကို ကျောင်းသားဆိုပြီးတော့ ဇွတ်ဆွဲချတော့ နောက်ကနေပြီးတော့ ကျမတို့က နိုင်ငံလုံးဆိုင်ရာ ပညာရေးပြောင်းလဲမှုကွန်ယက်ကလို့ ပြောတဲ့အခါကျတော့မှ သူတု့ိ တွေသွားပြီးတော့ ကိုရဲဝင်းတို့ကားကို လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ ကျနော်တို့ စစ်ကြောင်းဘက်ကိုတော့ ပြန်လှည့်ခွင့်မပေးဘူး။ ”

မီးသတ်ကား လက်နက်ကိုင် ရဲအင်အားတွေနဲ့အတူ ကျောင်းသားတွေကို တားဆီးဖို့ လုပ်ဆောင်နေသလို ညှိနှိုင်းမှုမရှိဘဲ အတားအဆီးတွေကို ဖောက်ထွက်ခဲ့ရတဲ့အတွက် ညအမှောင်ဖြစ်လာချိန်မှာ ကျောင်းသားတွေအနေနဲ့ ကားစီးသင့်တဲ့အကြောင်း နာရေးကူညီမှုအသင်း ကိုကျော်သူက မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီအတွက် ကျောင်းသားတွေဟာ ပုပ္ပလင်ရွာအဝင်ထိ ၁၀ မိုင်ခရီးကို ကားစီးခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီတောင်ကြားထဲမှာရောက်နေတယ်။ နေထိုင်တဲ့အိမ်မရှိဘူး။ သစ်တောတွေ၊ မြောင်းတွေတူးထားတာရှိတယ်။ ကင်းပုန်းဝတ်သံတွေ၊ ဘာညာတွေဆိုတဲ့ သတင်းတွေကလည်း ရောက်နေတယ်။ ဒီအချိန် အဲ့လိုပဲ ကျနော်တို့ ဝဲလောင်ကနေ စထွက်ပြီဆိုကတည်းကိုက တချို့ရွာတွေမှာ ညောင်ပင်အောက်တွေမှာ ဝါးတွေ ဒုတ်တွေ ကိုင်ထားတဲ့ လူ ၄၀ လောက်လေး တဘက်တချက်စီနဲ့ ရှိနေတယ်ဆိုတာမျိုးတွေ ရွာသားတွေက သူတို့မျက်မြင်ကိုယ်တွေ့အဖြစ်နဲ့ သတင်းလာပို့တယ်။ ည ၇ နာရီ လုံခြုံရေးအရ ချင့်ချိန်တဲ့အခါမှာ ကျောင်းသားတွေကိုပြောတယ်။ အခုည မိုးလည်းချုပ်ပြီ။ တော်တော်လေးလည်း မှောင်နေပြီ။ လမ်းကိုတောင်မှ ရှေ့ကို ကျနော်တို့ မမြင်ရတော့ဘူး။ မမြင်ရတော့တဲ့အချိန် ဖြစ်နေတဲ့အတွက် ကျနော်တို့ကို တစိုက်မတ်မတ် လိုလေသေးမရှိ ကူညီပေးနေတဲ့ ကိုကျော်သူတို့ ရန်ကုန်ကနေ တကူးတကလာပြီး ကူညီနေတာတော့ ကိုကျော်သူရဲ့ ဟိုဟာတွေလည်း လေးစားလိုက်နာသောအားဖြင့် ကျနော်တို့ ကားစီးပေးပါဆိုပြီးတော့ ကျနော်တို့အားလုံး ၁၀ မိုင်စီးပါတယ်။”

ပုပ္ပလင်ရွာမှာတော့ ဟောပြောပွဲလုပ်ပြီး ပုပ္ပါးမြို့ကို ဆက်လက် ချီတက်လမ်းလျှောက်ခဲ့ရာမှာ ည ၉ နာရီကျော်အချိန် ပုပ္ပါးမြို့ကို ရောက်ခဲ့ပါတယ်။ ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ခရီးရှည်ချီတက်တဲ့ သပိတ်ကို ပြီးခဲ့တဲ့အပတ်က စတင်ခဲ့ပြီး အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေစီ ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ခြင်း မရှိဘူးဆိုပြီး အစိုးရ၊ လွှတ်တော်၊ ပညာရေး အဖွဲ့အစည်းဖြစ်တဲ့ NNER နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ၄ ပွင့်ဆိုင် ဆွေးနွေးရမယ်လို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG