သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား ဖွံ့ြှဖိုးရေး ကောလိပ်ကျောင်းသားတွေ မူရင်းကျောင်း ပြန်တက်ရေး ဆန္ဒပြ


စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးကျောင်းကို ပြောင်းရွှေ့ခဲ့ရတဲ့ တိုင်းရင်းသား လူငယ် ကျောင်းသား ၅၀၀လောက်ဟာ သူတို့ရဲ့ မူလကျောင်းရှိရာ မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်က ကျောင်းကို ပြန်လည်နေထိုင် ခွင့်ပေးဖို့အတွက် ဒီကနေ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ သူတို့တွေဟာ စစ်ကိုင်းရွာသစ်ကြီးကျောင်းမှာ စာသင်ခန်း မလုံလောက် တာနဲ့နေထိုင်ရတာ အဆင်မပြေတဲ့အတွက် သူတို့တွေဟာ မနေ့ညနေခင်းက မန္တလေးကို ခြေလျင်လျောက်ပြန် လာခဲ့ကြပြီး သူတို့ရဲ့မူလကျောင်းရှေ့မှာ ဒီနေ့ တနေကုန် အခုလိုတောင်းဆိုနေကြတာ ဖြစ်ပါတယ်။ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်ကနေတင်ပြထားပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်က ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်ကို ၂၀၀၀ခုနှစ်က စတင်ဖွင့်လှစ်ပြီး ဒီနှစ်နှစ်ဆန်းပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးက တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မနေ့ညနေကတော့ တိုင်းရင်းသား လူငယ် ကျောင်းသား၅၀၀လောက်ဟာ အထုပ်အပိုးတွေသယ်ဆောင်ပြီး ရွာသစ်ကြီးတက္ကသိုလ်ကနေ မိုင်၃၀ကျော်ကွာဝေးတဲ့ မန္တလေးက ဒီဂရီကောလိပ်ကျောင်းကို ခြေလျင်ပြန်လာခဲ့ကြပါတယ်။
ဒီနေ့မှာတော့ မန္တလေးက ဒီဂရီကောလိပ်ကျောင်းရှေ့မှာ အားလုံးစုဝေးထိုင်ရင်း သူတို့ရဲ့ မူလ ကျောင်းမှာ ပြန်လည်ကျောင်းတက်ခွင့်ရဖို့အတွက် တောင်းဆိုခဲ့တယ်လို့ အခြေအနေတွေကို စောင့်ကြည့်နေတဲ့ မန္တလေးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

“အဓိက သူတို့ ရည်ရွယ်ချက်က သူတို့ရဲ့ကျောင်းကို ရွာသစ်ကြီးကို မရွှေ့ပါနဲ့။ ရွာသစ်ကြီးမှာ စာသင်ခန်း မလုံလောက်မှုအပါအဝင် နေရထိုင်ရတာလည်း အဆင်မပြေတဲ့အတွက် သူတို့ မူရင်းကျောင်း။ သူတို့ ကိုယ်တိုင် ပြုစုပျိုးထောင်လာတဲ့ ကျောင်းမှာပဲ ကျောင်းတက်ချင်တယ်။ ကျန်တာ သူတို့ ဘာမှ မလိုချင်ပါဘူး။ ဒါပဲ။”

နောက်တချက်ကတော့ မန္တလေးမှာ ကျောင်းတက်ခွင့်ရမယ်ဆိုရင် ပြင်ပကျောင်းတွေ၊ သင်တန်းတွေမှာ ပိုမိုလေ့လာခွင့်ရနိုင်တဲ့အချက်တချက်လည်း ပါဝင်တယ်လို့ ပြောပါတယ်။

“သူတို့က ဒီကျောင်းမှာသင်ရင်းနဲ့ ညနေပိုင်းတွေမှာ သူတို့ရဲ့ Skill တွေ တက်အောင် ကွန်ပြူတာသင်တယ်။ အင်္ဂလိပ်စာ speaking သင်တာတွေ ရှိတယ်။ မြို့ထဲကို သွားသွားပြီးတက်တာတွေ ရှိတယ်။အဲလို အခွင့်အရေးက စစ်ကိုင်းရွာသစ်ကြီးကို ရောက်သွားတဲ့အချိန်မှာ အဲလိုအခွင့်ရေးတွေ ဆုံးရှုံးသွားတယ်။ တက်ချိန်မရတော့ဘူး။ တက်ဖို့ အခွင့်အလမ်း မပေးတော့ဘူး။ ကျောင်းသားတွေ ပြောတာကတော့ တိုင်းရင်းသားတွေဖွံဖြိုးဖို့ ဖွင့်ထားတဲ့ကျောင်းကို တောကြီးကို ပို့ပစ်လိုက်တာက တိုင်းရင်းသားတွေအပေါ် အလေးမထားရာ ရောက်တယ်လို့ သူတို့က ခံယူတယ်။”

နေ့ခင်းပိုင်းမှာတော့ တိုင်းရင်းသားလူငယ်ကျောင်းသားတွေဆီကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက လာရောက်ဆွေးနွေးဖြေရှင်းခဲ့ပါတယ်။ ကျောင်းသားတွေဖက်က ညနေ ၃နာရီမှာ တိကျတဲ့အဖြေမရရင် ကျောင်းဝင်းအပြင်ထွက်ဆန္ဒပြဖို့ ပြင်ဆင်ခဲ့ကြပြီး အစိုးရဖက်ကလည်း လုံခြုံရေးတွေကို ချထားခဲ့ပါတယ်။

ညနေ ၃နာရီမထိုးခင်မှာတော့ ကျောင်းပိတ်ကြောင်းကြေညာခဲ့တယ်လို့ ကိုအောင်မှိုင်းဆန်းက ဆက်ပြော ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် ဖြေရှင်းနေတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ကျောင်းသားတွေ တောင်းဆိုချက်ကို အထက်ကို တင်ပြထားပြီး ပြန်ကြားချက် စောင့်နေကြောင်း၊ လောလောဆည်ရွာသစ်ကြီးမှာ စာမေးပွဲဖြေပြီးပြီဖြစ်တာနဲ့ လက်ရှိအခြေအနေ အရ ကျောင်းပိတ် လိုက်တာဖြစ်ကြောင်းနဲ့ ကျောင်းသားတွေရဲ့ ပညာရေးကို မျှော်လင့်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေဆိုပါတယ်။
ဒုဝန်ကြီးဗိုလ်ချုပ်ဇော်ဝင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးနေတယ်ဆိုတာ မဟုတ်မှန်ကြောင်းလည်း ထည့်သွင်း ပြောဆိုပါတယ်။

တိုင်းရင်းသားလူငယ်ကျောင်းသားတွေဖက်ကတော့ ကျောင်းမပြောင်းရွှေ့ဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေက နိုင်ငံတော်သမ္မတထံကို ၂ကြိမ် အသနားခံစာတင်ခဲ့ပေမဲ့ တစုံတရာအကြောင်းပြန်ကြားတာမရှိတာကြောင့် လက်ရှိ သူတို့ တောင်းဆိုချက်အပေါ်မှာ တိကျတဲ့ အဖြေမရရင် ကျောင်း အပြင်ထွက်ဖို့ ဆုံးဖြတ် ထားကြပါတယ်။ နောက်ဆုံး ဆက်သွယ် မေးမြန်းချိန်မှာတော့ ကျောင်းသားတွေဟာ ကျောင်းဝင်းအတွင်းမှာပဲ အေးအေးချမ်းချမ်းရှိနေပြီး အပြင်ဖက်မှာတော့ လုံထိန်းတပ်သား အင်အား ၂၀၀လောက်ရောက်ရှိနေကြောင်း သိရပါတယ်။
XS
SM
MD
LG