သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံကျောင်းသားများကို ပြန်လွှတ်မည်ဟု အစိုးရကြေညာ


မနေ့က လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေကို မိဘတွေထံ ပြန်လည် အပ်နှံဖို့ ဆက်သွယ်အကြောင်းကြားနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောထားပေမဲ့ မိဘတချို့ကတော့ သူတို့ကို ဆက်သွယ်လာတာ မရှိသေးဘူးလို့ ပြောပါတယ်။

မနေ့က လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့တွေရဲ့ အင်အားသုံး နှိမ်နင်း ဖမ်းဆီးတာကို ခံခဲ့ကြရတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဒေသခံတချို့ကို ဒီကနေ့ သာယာဝတီ ထောင်ကနေ ခေါ်ယူပြီး လက်ပံတန်း တရားရုံးမှာ ရုံးထုတ်ခဲ့ပေမဲ့ မိသားစုဝင်တွေ ကတော့ တွေ့ဆုံခွင့်တောင် မရခဲ့ဘူးလို့ ပြောကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေ မနေ့က လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး ဖမ်းဆီးတာကို ခံခဲ့ရပြီး ဒီကနေ့ ဒီကျောင်းသူကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ မိဘတွေကို ဆက်သွယ် အကြောင်းကြားနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ ဒါပေမဲ့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ရဲ့ မိခင်ကတော့ ခုချိန်ထိ သူ့ကို ဆက်သွယ်လာတာ မရှိသေးဘူးလို့ ပြောပါတယ်။

“အခုအချိန်ထိတော့ အန်တီက ဘာမှ မသိဘူး။ အိမ်သားတွေလည်း အန်တီ့ဆီကို ဘာမှ မဆက်သွယ်ဘူး။ မဆက်သွယ်ဘူးဆိုတာ အကြောင်းကြားတယ်ဆိုတာ မဆက်သွယ်ဘူးလေ။ ဆက်သွယ်တယ်ဆိုရင် အန်တီ့ဆီကို သူတို့ ဖုန်းဆက်မှာပေါ့။”

မေး။ ။ တခြား ကျောင်းသူကျောင်းသား မိဘတွေရော ဆက်သွယ်လာတယ်လို့ အန်တီကြားမိပါလားရှင့်။

ဖြေ။ ။ “မကြားဘူး။ အန်တီနဲ့အတူတူ ရှိနေတဲ့ မိဘတွေလည်း ဒီမှာရှိနေကြတာပဲ။ သူတို့လည်း ဘာမှမသိဘူးတဲ့။ သူတို့အိမ်သားတွေကတော့ လှမ်းပြောတယ်လေ။ တီဗွီမှာ စာတန်းထိုးသွားတယ်တဲ့။ ပြည်ထဲရေးကနေပြီးတော့၊ ပြန်ကြားရေးကနေပြီးတော့ အဲ့လိုပေါ့နော်။ ကျောင်းသားတွေကို မိဘတွေလက်ထဲ ပြန်အပ်မယ်ဆိုတာကို။”

မနေ့က လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသူကျောင်းသား အယောက် ၆၀ ကို ဒီမနက်ပိုင်းမှာ ရုံးထုတ်ခဲ့တာမှာတော့ ကိုမင်းသွေးသစ် မပါခဲ့ပါဘူး။ ဒီကနေ့ ညနေပိုင်း အရပ်သားတွေကို ရုံးထုတ်ချိန်မှာတော့ ကိုမင်းသွေးသစ်ကို လှမ်းတွေ့ရပေမဲ့ မိခင်တယောက်အနေနဲ့ သားကို တွေ့ခွင့်မရခဲ့ဘူးလို့ ဒေါ်ခင်ခင်ယု က ပြောပါတယ်။

“ပေးတွေ့ဖို့ ဝေးလို့ အန်တီတို့ကို ဒီမှာ ရဲတွေနဲ့ ဝိုင်းထားတာ၊ နှစ်ထပ်၊ သုံးထပ် ဒီမှာ ဝိုင်းထားတာ။ လက်နက်ကိုင် အသင့်အနေအထားတွေနဲ့။ အန်တီတို့က နေ့ခင်းကတည်းက ဒီမှာ ရုံးထုတ်ကတည်းက ပထမအသုတ် ကျောင်းသား အယောက် ၆၀ ပေါ့နော်။ အဲ့ဒါနဲ့ ပြန်မယ် ထောင်ဗူးဝမှာပေါ့နော်။ ပစ္စည်းတွေ ဘာတွေပေးပြီး ပြန်မယ်လုပ်တော့ သတင်းတခုကြားတယ်။ နောက်တသုတ်ကို ဒီနေ့ပဲ ရုံးထုတ်မယ်တဲ့။ အဲ့ဒါနဲ့ အန်တီတို့လည်း စောင့်နေတာ။ အခု ဟုတ်တယ်။ အခု ရုံးထုတ်လာတယ်ဆိုလို့ အန်တီတို့ အဖွဲ့တွေက လိုက်လာတာ။ လက်ပံတန်းရဲစခန်းရှေ့မှာပေါ့နော်။ အခုပါလာတယ်တဲ့။ အန်တီ့အသိတွေက စောစောက လှမ်းပြီးတွေ့လိုက်တယ်တဲ့ အန်တီ့သားကိုလေ။”

လောလောဆယ်မှာ ကျောင်းသူကျောင်းသားတွေကို သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လက်ပံတန်းတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့တာပါ။ ရုံးထုတ်မယ်ကြားလို့ လိုက်လာခဲ့ပေမဲ့ သမီးဖြစ်သူကို တွေ့ခွင့်မရဘူးလို့ ဖမ်းဆီးခံ ကျောင်းသူ မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေဝင်း ကလည်း ပြောပါတယ်။

“ကျနော်တို့လည်း မနက်ကလေ ဘယ်လိုက်ရမှန်းမသိတာနဲ့ နောက်ကျတော့ ခန့်မှန်းပြီးတော့ သာယာဝတီထောင်ကို လိုက်တော့ သာယာဝတီထောင်မှာ သွားတွေ့ရတယ်လေ။ သာယာဝတီထောင်မှာ အဝင်မှာတင် လူ ၁၀၀ ကျော် ဖမ်းထားတယ်တဲ့။ ရုံးထုတ်မယ်လို့ ကြားတာနဲ့ ကျနော်တို့လည်း စောင့်နေတာ။ ညနေကျတော့ ရုံးထုတ်လာတယ်လေ။ ကားနှစ်စီးနဲ့ ရုံးထုတ်လာတယ်။ ကျနော်တို့လည်း နောက်ကနေ လိုက်လာတယ်။ ရုံးအပြင်ဘက်မှာ ရဲတွေက အများကြီးပဲ။ သမီးကိုတော့ တွေ့ရတယ်ခင်ဗျ။ မိန်းကလေးကားတစီး၊ ယောကျာ်းလေး ကားတစီးပေါ့။ ရဲတွေက အပြင်က အများကြီးပဲ စောင့်နေတာ။”

ကျောင်သူကျောင်းသားတွေကို ရုံးထုတ်ချိန် တွေ့ခွင့်မရပေမဲ့ နောက်ဆုံး ထောင်ဝင်စာပေးခွင့်တော့ ရခဲ့တယ်လို့ ကျောင်းသားတွေကို ဖမ်းဆီးထားတဲ့ သာယာဝတီ အကျဉ်းထောင်ကို ဒီကနေ့ သွားရောက်ခဲ့တဲ့ ကိုသက်ဦးက ပြောပြပါတယ်။

“နောက်ဆုံးအခြေအနေကတော့ တွေ့ခွင့်တော့ မရပါဘူး။ ဒါပေမဲ့ ကျနော်တို့ ထောင်ဝင်စာ ပို့လို့တော့ ရပါတယ်။ အဆင်ပြေပါတယ်ခင်ဗျ။ မနီလာသိန်းတို့၊ ကျနော်တို့၊ မမီးမီးတို့တွေ ထောင်ဝင်စာကို သေချာစီစဉ်ပြီးတော့ ရဟန်း၊ သံဃာတွေရော၊ ပြည်သူ့အရပ်သားတွေရော၊ ကျနော်တို့ ကလေးတွေရော ကျောင်းသားကျောင်းသူတွေ အားလုံးအတွက် စီစဉ်နေပါတယ်။ ဝန်ထမ်းတွေလည်း အားလုံးကောင်းပါတယ်။ အားလုံး ဝိုင်းကူနေကြပါတယ်။”

မေး။ ။ သူတို့ကို ဘာအမှုတွေနဲ့ရော တရားစွဲထားတယ်လို့ ပြောလဲရှင့်။

ဖြေ။ ။ “ပုဒ်မ ၅ ခုလို့ ပြောတယ်ဗျ။ ရုံးချိန်းကတော့ ၂၅ ပါ။”

မေး။ ။ ရုံးချိန်းက ဘယ်မှာထုတ်မှာလဲရှင့်။

ဖြေ။ ။ “ဒီနေ့ -- ထုတ်ပါတယ်ခင်ဗျ။ ဒီနေ့ ရမန်ယူပါတယ်။ ဒီနေ့ ၃ နာရီခွဲ ၄ နာရီဝန်းကျင်လောက်မှာ ရမန်ယူပါတယ်။ လက်ပံတန်းမှာ ရမန်ယူပြီးတော့ အခု သာယာဝတီ ထောင်ဗူးဝကို ရောက်နေပါတယ်ခင်ဗျာ။ ကလေးတွေကတော့ ထောင်ထဲကို ပြန်ရောက်ပါပြီ။ ကျနော်တို့ ဒီမှာ ထောင်ဝင်စာ စီစဉ်နေပါတယ်။”

ဒီကနေ့ လက်ပံတန်း တရားရုံးမှာ ကျောင်းသား ၄၀ နဲ့ ကျောင်းသူ အယောက် ၂၀ ကို ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ မနေ့က လက်ပံတန်းမြို့မှာ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ ပတ်သက်လို့ အခြေအနေ သိရဖို့ သာယာဝတီ နဲ့ လက်ပံတန်း ရဲစခန်း၊ SB ရုံးတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဒီကိစ္စ သူတို့မသိဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ မနေ့က ဖမ်းဆီး ခံရတဲ့အထဲမှာ သတင်းမီဒီယာသမား နှစ်ဦးလည်း ပါဝင်ခဲ့ပြီး ဒီကနေ့ သူတို့ကို ရုံးထုတ် မထုတ် ဆိုတာလည်း သေချာ မသိရသေးပါဘူး။

XS
SM
MD
LG