သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေး ဆန္ဒပြကျောင်းသားတွေ ရဲကိုပြန်တရားစွဲဖို့ ခက်ခဲ


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေကို သာယာဝတီတရားရုံးမှာ ရုံးထုတ်စစ်ဆေးတဲ့ကာလမှာ ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးရာမှာ အမိန့်ပေးခဲ့တဲ့ ရဲအာဏာပိုင်တွေကို တရားပြန်စွဲနိုင်ဖို့အတွက် တောင်းခံခဲ့တဲ့ ရှေ့နေပါဝါလွဲှစာကို ရက်ပေါင်း ၆၀ နီးပါကြာတဲ့အထိ သာယာဝတီထောင်က ထုတ်ယူခွင့်မပေးတဲ့အတွက် အထက်တရားရုံးကိုတက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ခရီးရှည်ချီတက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားပြီးတဲ့နောက်မှာ သာယာဝတီတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတာဟာ ၆ လကျော်ကြာပြီ ဖြစ်ပါတယ်။ ကျောင်းသားတွေဘက်က ရှေ့နေတွေကလည်း ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးရာမှာ အမိန်ပေးခဲ့တဲ့ ရဲအာဏာပိုင်တွေကို တရားပြန်စွဲနိုင်ဖို့အတွက် တောင်းခံခဲ့တဲ့ ရှေ့နေပါဝါလွဲှစာကို ရက်ပေါင်း ၆၀ နီးပါကြာတဲ့အထိ မရတဲ့အတွက် အထက်တရားရုံးကို တက်ဖို့အတွက် ခက်ခဲနေတာပါ။ သာယာဝတီထောင်ကို သွားရောက်ခဲ့တဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ရက်ပေါင်း ၆၀ အတွင်း အထက်တရားရုံးမှာ ပြင်ဆင်ချက်မတက်နိုင်ရင် တရားစွဲထားတဲ့အမှုဟာ ပျက်ပြယ်သွားမယ့် အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။

“သာယာဝတီထောင်ကိုသွားတယ်။ အချုပ်ထဲမှာကျန်တဲ့ ကျောင်းသူကျောင်းသား ၅၄ ယောက်ရှိတယ်။ သူတို့ရဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာ အန်ကယ်လ်တို့က ၁ ရက် ၉ လကတည်းက တင်ထားတယ်။ အခုအချိန်ထိ မရသေးဘူး။ ထောင်ပိုင်ကြီးကလည်း မရှိဘူးတဲ့။ မရှိတော့ ကြန့်ကြာတာပေါ့ အန်ကယ်လ်တို့ကလေ။ သူကနေမှ တရားစွဲဖို့ တင်တာမဟုတ်လား။ ရဲမှူး ဦးဖုန်းမြင့်နဲ့ ဒုရဲမှူး ဦးစမ်းမြင့်တို့ကို တရားစွဲဖို့ဆိုပြီး တင်တဲ့အမိန့်ကို ပယ်ချခံရတယ်။ အဲဒီပယ်ချတဲ့အမိန့်ကို သူက ပြင်ဆင်မှုတက်ရမယ်။ ပြင်ဆင်မှုအဖြစ် ခရိုင်တရားရုံးကို တက်ရမယ်။ အခုအချိန်ထိ ရှေ့နေကိုယ်စားလှယ်လွှဲစာ မရသေးဘူး။ ဇူလိုင်လကတည်းက ချတဲ့အမိန့်ဖြစ်နေတယ်။ အဲတော့ သူက ရက်ပေါင်း ၆၀ ပြည့်ခါနီး ဖြစ်သွားတယ်ပေါ့နော်။ ထောင်ပိုင်ကြီးကလည်း နေပြည်တော်သွားတယ်လို့ အကြောင်းပြပြီးတော့ အောက်ကလူတွေက တွေ့ခွင့်မပေးဘူး။ ဒါပေမဲ့ ဒီတပတ်အတွင်းရအောင်တော့ အန်ကယ်လ်က ပြောထားပြီးပြီ။ မရလို့ရှိရင် သူတို့ကို တိုင်မယ်လို့ တခါတည်းပဲ ပြောခဲ့လိုက်တယ်။”

လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရချိန်မှာ ရဲလက်စွဲ လုပ်ထုံးလုပ်နည်းနဲ့အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့ ရဲတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုသူတွေနဲ့ ပတ်သက်လို့ အဓိကရုဏ်း နှိမ်နင်းရေးလုပ်ငန်းစဉ် အဆင့်အတိုင်းမလုပ်ဘဲ ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြီးခဲ့တဲ့ရက်ကပဲ သဘောထား ထုတ်ပြန်ခဲ့တာပါ။ ဒီကနေ့မှာတော့ သာယာမြို့နယ် တရားရုံးမှာ စစ်ဆေးခြင်းမရှိပေမဲ့ ရှေ့နေတဦးရဲ့ သက်သေခံ တင်ပြချက်ကို ပယ်ချခဲ့တာတွေတော့ ရှိခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့် က ဆိုပါတယ်။

“အဲဒီမှာ ရှေ့နေတယောက် ဦးကြည်းမြင့်ဆိုတဲ့ ရှေ့နေရှိတယ်။ သူကနေပြီးတော့ သက်သေခံတခု သွင်းတယ်။ လေးပွင့်ဆိုင် ဆွေးနွေးချက်ဆိုတာ။ လေးပွင့်ဆိုင်ဆွေးနွေးချက်ဆိုတဲ့ သတင်းစာဖြတ်ပိုင်းလေး သွင်းတယ်။ အဲဒါက တရားခံရှေ့နေဖြစ်တဲ့ ဦးအောင်သိန်းက သွင်းထားပြီးသား။ သက်သေခံ ၃ ရွက် လက်ခံထားပြီးပြီ။ သူကနေပြီးတော့ မူရင်းမဟုတ်တဲ့အတွက်ကြောင့် မူရင်းသွင်းတယ်ဆိုပြီးတော့ သူကသွင်းတယ်။ အဲတော့ မြို့နယ်တရားသူကြီးက သူ့ရဲ့လျှောက်ထားချက်ကို ပယ်ချပစ်လိုက်တယ်။”

အခုဆိုရင် ကျောင်းသားတွေကို အမှုစွဲဆိုခဲ့တဲ့ ရဲမှူး ၂ ဦးကို ရှေ့နေ ၈ ဦးက အလှည့်ကျစစ်ဆေးရာမှာ ရှေ့နေ ၆ ဦးက စစ်ဆေးပြီးဖြစ်သလို ရှေ့နေတဦးချင်းကလည်း တရားစွဲဆိုဖို့အတွက် ပြင်ဆင်မှုတွေလည်း လုပ်နေတာပါ။ ပထမဦးဆုံး ရဲတွေကိုတရားစွဲဆိုဖို့ ပြင်ဆင်ခဲ့တဲ့ ရှေ့နေ ဦးရောဘတ်စန်းဆောင်ရဲ့ ရှေနေပါဝါလွဲှစာကတော့ အခုထိ မရသေးဘဲ ရက်ပေါင်း ၆၀ ပြည့်ခါနီးထိ ကြန့်ကြာနေတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။ ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့နေ့က အခင်းဖြစ်နေချိန်မှာ တာဝန်ရှိသူတွေက တမိန့်တည်း တသံတည်း သတ်မှတ်အမိန့်ပေး ကွပ်ကဲနိုင်ခဲ့ခြင်း မရှိခဲ့တဲ့အပြင် ရဲဝန်ထမ်းတွေဘက်က ကျောင်းသားတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိတာ၊ ရဲလက်စွဲပါ သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်မှု အားနည်းတယ်ဆိုတာ တွေ့ရှိကြောင်း မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်ဘက်က ထုတ်ပြန်ခဲ့တာပါ။ အာဏာပိုင်တွေကတော့ တည်ဆဲဥပဒေချိုးဖောက်တဲ့အတွက် ကျောင်းသားတွေကို အရေးယူ ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG