သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေ ဆန္ဒပြကျောင်းသားများရှေ့နေ တရားစွဲခံရ


Student protesters, get off a police truck upon arrival at a township court for their trial Tuesday, July 14, 2015, in Tharyarwaddy township, Bago Division, north of Yangon, Myanmar. Student activists protested against a new education law at Letpadan in March 2015 appeared in a township court Tuesday for the 8th time of their trial in Tharyarwaddy. (AP Photo/Khin Maung Win)
Student protesters, get off a police truck upon arrival at a township court for their trial Tuesday, July 14, 2015, in Tharyarwaddy township, Bago Division, north of Yangon, Myanmar. Student activists protested against a new education law at Letpadan in March 2015 appeared in a township court Tuesday for the 8th time of their trial in Tharyarwaddy. (AP Photo/Khin Maung Win)

ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲပေးဖို့ တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားတွေနဲ့ သူတို့ကို ပံ့ပိုး ကူညီပေးခဲ့ကြသူတွေရဲ့ အမှုကို စက်တင်ဘာလ ၂၂ ရက်နေ့က သာယာဝတီတရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပေမဲ့ အမှုတွဲမရှိတဲ့အတွက် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကြားနာဖို့ ပြန်လည် ချိန်းဆိုလိုက်ပါတယ်။

ဒီအတောအတွင်း ကျောင်းသားတွေရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ခင်ခင်ကျော်ကို ပုဒ်မ ၂၂၈ - တရားစီရင်ရေး နှောင့်ယှက်မှုနဲ့ သာယာဝတီမြို့နယ် တရားသူကြီးက တရားစွဲဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားတွေရဲ့ ပင်မသပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာ ၆ လ ကျော်သွားပြီ ဖြစ်ပေမဲ့ အခုချိန်ထိ သက်သေတယောက်ကိုသာ စစ်ဆေးပြီးပါသေးတယ်။

ကျောင်းသားတွေနဲ့ သူတို့ကို ကူညီပံ့ပိုးပေးခဲ့ကြသူတွေကို ရုံးချိန်း အကြိမ်ကြိမ် ချိန်းဆိုခဲ့ပေမဲ့ အခုချိန်ထိ အမှုဟာ သိသိသာသာ တိုးတက်မှု မရှိသေးပါဘူး။ အခုတခါလည်း စက်တင်ဘာ ၂၂ ရက်၊ အင်္ဂါနေ့က သူတို့အမှုကို သာယာဝတီမြို့နယ် တရားရုံးမှာ စစ်ဆေးဖို့ ရှိပေမဲ့ အမှုတွဲမရှိတဲ့အတွက် စက်တင်ဘာလ ၂၉ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်တယ်လို့ အကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

“ဒီနေ့ကတော့ မူလရုံးအမှုတွဲမရှိလို့ မစစ်ဖြစ်တာလေ။ မူလရုံးအမှုတွဲက ပြင်ဆင်မှုတခု တက်ထားတဲ့အတွက်ကြောင့်မို့လို့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို ရောက်သွားတယ်လေ။ အဲဒါကြောင့်မို့လို့ ကျမတို့ရဲ့ အောက်ရုံးမှာတော့ မစစ်ဖြစ်တာပေါ့နော်။ အခုက မြို့နယ်၊ မြို့နယ်ကနေပြီးတော့ ခရိုင်ကိုတက်တယ်။ ခရိုင်ကိုတက်တော့ ခရိုင်ကလည်း မရတဲ့အတွက်ကြောင့်မို့ သူက ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို တက်ထားတာပေါ့နော်။ အဲဒီထဲက ယာဉ်ပိုင်ရှင်ကလေ။ ကားအာမခံမရလို့ဆိုပြီး တက်သွားတာ။ သာမန်အားဖြင့်ဆိုရင်တော့ အဲ့လိုအပေါ် ရုံးတွေတက်တယ်ဆိုရင်တော့ နှစ်လ၊ သုံးလလောက်တော့ ကြာတတ်တယ်။ သာမန်အမှုတွေဆိုရင်တော့ ဒီအမှုကိုတော့ မပြောတတ်ဘူး။ ကျမကတော့လေ။ အဲဒါက သူတို့ရုံးတော်က လုပ်ဆောင်ချက်အပေါ် မူတည်တာပေါ့နော်။”

ကျောင်းသားတွေရဲ့အမှုကို လောလောဆယ်မှာ တိုင်းတရားရုံးကို လွှဲထားတဲ့အတွက် ၃ - ၄ လလောက် ကြာနိုင်တယ်လို့ ဆိုပြန်တဲ့အတွက် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရုံးချိန်း ချိန်းထားတာဟာလည်း နောက်ထပ် ရက်ထပ်တိုးရဖို့ သေချာသလောက် ရှိနေပါတယ်။

ကျောင်းသားတွေအနေနဲ့ သူတို့အမှုကို ၁ ပတ်တခါ ရုံးချိန်းတက်မလား၊ သို့တည်းမဟုတ် ၂ ပတ်တခါ ရုံးချိန်းတက်မလား ဆိုတာကို ရွေးချယ်ပိုင်ခွင့် ရှိမှာဖြစ်ပြီး သူတို့ ရှေ့ဆက် ဘယ်လို လုပ်ဆောင်မယ် ဆိုတာကိုတော့ လာမယ့် ၂၉ ရက်နေ့ ရုံးချိန်းကျမှ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ အကျိုးဆောင်ရှေ့နေ ဒေါ်ခင်ခင်ကျော်ဟာလည်း ဒီအမှုကို ကြားနာစစ်ဆေးနေတဲ့ ကာလအတွင်းမှာပဲ တရားစီရင်ရေး နှောင့်ယှက်မှုနဲ့ တရားသူကြီးကိုယ်တိုင်က တရားစွဲဆိုတာကို ခံထားရတာ ဖြစ်ပါတယ်။

“၂၂၈ ဟုတ်ကဲ့ရှင့်။ အဲဒါက တရားစီရင်ရေး နှောင့်ယှက်မှုပေါ့။ ကျမကို စွဲတယ်ဆိုတာကလည်းပဲ တရားစီရင်ရေးကို ဆက်လက် ဆောင်ရွက်လို့မရအောင် နှောင့်ယှက်တယ်ဆိုတဲ့ အဲဒီအကြောင်းပြချက်နဲ့ ကျမကို စွဲထားတာပေါ့နော် အခု။ ကျမအမှုကတော့ ၅ ရက်နေ့ကို ပြန်ချိန်းတယ်ရှင့်။ ၅ ရက်နေ့မှာတော့ တရားလိုပေါ့နော် သာယာဝတီမြို့နယ် တရားသူကြီး ဦးချစ်မြတ်ကို စစ်မယ်ပေါ့။”

အမှုကို ကြားနာစစ်ဆေးတဲ့ တရားသူကြီးက သူ့အပေါ် ဘာကြောင့် တရားစွဲတယ်ဆိုတာကိုလည်း ဒေါ်ခင်ခင်ကျော် က အခုလို ရှင်းပြပါတယ်။

“ဟုတ်ကဲ့ အဲဒီနေ့ကကျတော့ ကျမက ဒုရဲမှူး နန္ဒာဝင်းရဲ့နေရာမှာ ဒုရဲမှူးကြီး နန္ဒာဝင်းဆိုပြီးတော့ ရာထူးလေးပြောင်းတာလေ။ အဲဒီပြင်ဆင်လျှောက်လွှာကို ကျမက အဲဒီနေ့က ရုံးတော်ကိုတင်တယ်။ တင်တဲ့အခါမှာ တရားသူကြီးက သူက အမိန့်ပဲချမယ်။ ဒီဟာ ပြင်ဆင်တာကို လက်မခံဘူး။ ကျမကို ဆောင်ရွက် တင်ပြခွင့်လည်း မပေးဘူး။ နှုတ်နဲ့လည်း တင်ပြခွင့်မပေးဘဲနဲ့ ဒီလျှောက်လွှာကြီးကို ကျမကို တန်းပေးလိုက်တယ်ပေါ့နော်။ ကျမကတော့ မဟုတ်ဘူး။ ဒါက ကျမက ဒီ ၅၈ ဦးစာလုံးကို ကျမက ပါဝါယူထားတဲ့ ရှေ့နေတယောက်အနေနဲ့ ကျမက ရှေ့နေဝတ္တရားရှိတယ်လေ။ ကျမဆောင်ရွက်ရမယ့်ဟာ ဒါလေးကိုတော့ တင်ပြခွင့်ပေးပါ။ နောက်ပြီးတော့ ဒီကလေးတွေလည်း ကြားသိဖို့ လိုတယ်လေ။ ဒါကြောင့်မို့လို့ ကျမက ရုံးတော်ကို တင်တာ ဒါပေမဲ့ သူက လုံး၀ လက်မခံဘူး။ လုံး၀ ပြင်းပြင်းထန်ထန်ကို ပေးလိုက်တယ်ပေါ့နော်။ အဲဒီအပေါ်မှာ ကျမက ဆောင်ရွက်ဖို့ တင်ပြတာပေါ့။ တင်ပြတဲ့အပေါ်မှာကို သူက အမိန့်အမြန်ချမယ်ဆိုပြီးတော့ သူက စိတ်ဆိုးပြီးတော့ တရားခွင်ကို ဆင်းသွားတာရှင့်။”

ဒေါ်ခင်ခင်ကျော် အခုလို တရားစွဲခံရတာဟာ ခြိမ်းခြောက်တဲ့အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ကျောင်းသားတွေက ထင်မြင်ယူဆကြောင်းလည်း သူက အခုလို ရှင်းပြပါတယ်။

“ဒီ တရားစွဲထားတဲ့ ကိစ္စအပေါ်မှာတော့ သူတို့ကတော့ ဒါက ခြိမ်းခြောက်တယ်ပေါ့နော်။ သူတို့အတွက်ကို တမင် ဒီဘက်ကပဲ လုပ်ချင်တာတွေလုပ်တယ်ပေါ့နော် သူတို့ဘက်ကို ဖိနှိပ်တယ်ပေါ့ အဲလိုမျိုး သဘောတွေတော့ အမြင်လေးတွေတော့ ရှိတယ်ပေါ့နော်။ ကျမကတော့ သဘောရိုးနဲ့ပဲ ပြုမူဆောင်ရွက်ခဲ့တာပဲလေ။ ဒီအပေါ်မှာ ကျမကတော့ ရင်ဆိုင်ထုချေသွားမှာပဲ။ ကျမကတော့ အခု အလုပ်တွေလည်း ရှုပ်သွားတယ်။ ကျမတို့အတွက်လည်း နစ်နာတယ်။ ဒီကျောင်းသား ကလေးတွေအတွက် နစ်နာတယ်ပေါ့နော်။ ကျမတို့ ဒီလုပ်ငန်းဆောင်ရွက်တဲ့အပေါ်မှာ ကလေးတွေအတွက်ကို ကိုယ်က လိုက်ပါ ဆောင်ရွက်ပေးနေတာလေ။”

ဒေါ်ခင်ခင်ကျော်ကတော့ သူ့ဘက်က အမှားအယွင်း တစုံတရာ လုပ်ခဲ့ခြင်းမရှိတဲ့အတွက် ဥပဒေနဲ့အညီ ဆက်လက် ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။ ပညာရေး ဥပဒေ ပြုပြင် ပြောင်းလဲဖို့အတွက် ဆန္ဒပြခဲ့ကြတဲ့ လက်ပံတန်းကျောင်းသား၊ ကျောင်းသူတွေကို ရဲအာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်း ရိုက်နှက်မှုနဲ့ ပတ်သက်လို့ ကျောင်းသားတွေရဲ့ ဥပဒေ အကျိုးဆောင်တွေဘက်က တရားစွဲဆိုထားမှုကို သာယာဝတီခရိုင် တရားရုံးက ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။

ပညာရေးဥပဒေ ပြုပြင် ပြောင်းလဲဖို့ ဆန္ဒပြ တောင်းဆိုကြတဲ့ ကျောင်းသားတွေ အပါအဝင်၊ လယ်သမားတွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေကို ဖမ်းဆီး အရေးယူ အပြစ်ပေးခြင်းဟာ နိုဝင်ဘာလ ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီ ကူးပြောင်းမယ်ဆိုတဲ့ ကတိစကားကို ချိုးဖောက်ရာ ရောက်စေတဲ့အကြောင်း၊ မတရားမှုအပေါ် ဆန္ဒပြ ကန့်ကွက်မှု၊ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးခွင့် စတာတွေကို သူတို့အနေနဲ့ လက်တွေ့ ဖော်ဆောင်နေတာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီး Zeid Raad Al-Hussein က လက်ရှိ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၀ ကြိမ်မြောက် ညီလာခံ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

XS
SM
MD
LG