သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပညာရေးဥပဒေ ကျောင်းသားထု ကန့်ကွက်


 နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး။
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး။

မြန်မာနိုင်ငံ အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားထုက ကန့်ကွက် လိုက်ပါတယ်။ တင်းကြပ်တဲ့ ဗဟိုစနစ်နဲ့ ထိန်းချုပ်မှု တွေရှိနေတဲ့ ဒီဥပဒေဟာ အရင် အဖိနှိပ်ခံ ပညာရေးကို ပြန်အသက်သွင်းသလို ဖြစ်နေတဲ့အတွက် ဒီမိုကရေစီ ပညာရေး အနှစ်သာရ ရှိစေမယ့် အမျိုးသား ပညာရေး ဥပဒေ တရပ် မြန်မာနိုင်ငံ မှာ ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ ပထမဆုံးအကြိမ် အဖြစ် ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ကနေ တောင်းဆိုလိုက်တာပါ။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဗကသများအဖွဲချုပ် အပါအဝင် တနိုင်ငံလုံးက ကျောင်းသားကိုယ်စားလှယ် ၅၀၀ခန့် နဲ့ ကျောင်းသားထု အရေးပေါ် အစည်းဝေးကနေ သဘောထားတွေထုတ်ပြန်ခဲ့ပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ကော်တီတွေလည်း ဖွဲ့ခဲ့ကြပါတယ်။ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြတဲ့ ကျောင်းသားတွေအနေနဲ့ သဘောထား ၆ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း တနိုင်ငံလုံး ဆိုင်ရာကျောင်းသားထု အရေးပေါ် အစည်းအဝေးဖြစ်မြောက်ရေး လုပ်ငန်း အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က အခုလိုပြောပါတယ်။

" လက်ရှိအစိုးရက ပြဋ္ဌာန်းထားတဲ့ ပညာရေးဥပဒေဟာ ဆိုးဝါးပြီးတော့ ပညာရေး စနစ် အဟောင်းကိုပဲ အရင်တုန်းက အနေအထား အတိုင်းပဲ ဆက်လက် ဆိုးဝါးနိုင်တယ် လို့ ဒီမှာ တက်ရောက်လာတဲ့ ကျောင်းသားတွေက မှတ်ယူ သုံးသပ်တယ်ပေါ့။ အမျိုးသား ပညာရေးဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေ ကလည်း နောက် ကျောင်းသားထုအတွက် လွတ်လပ်စွာ ပညာသင်ကြားခွင့်တို့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ချည်နှောင်မှုတို့နဲ့ ချည်နှောင်ကန့်သတ်ထားတယ်လို့ ကျနော်တို့ ယူဆတယ်ဗျာ။ အမျိုးသား ပညာရေးဥပဒေမှာ မူဝါဒတွေက စကတည်းက ဒီမိုကရေစီ မဆန်ဘူး။ လူ့အခွင့်အရေး ကိုလည်း တန်းတူညီမျှ စွာ မရရှိဘူး။ နောက်ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကိုလည်း အပြည့်အဝ အာမခံချက် မပေးဘူး။ အဲ့တာကြောင့်မို့ ကျနော်တို့က ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တယ်ပေါ့နော်။

အမျိုးသား ပညာရေးဥပဒေက ပညာရေးစနစ်ကို စီမံခန့်ခွဲတဲ့အခါမှာ အစိုးရ အုပ်ချုပ်ရေးပိုင်းတွေကို ပါဝင် ထိန်းချုပ်ခွင့်တွေ ပေးထားတာတွေ၊ နောက် ပညာရှင်တွေကို ပါဝင်ဆောင်ရွက်နိုင် ခွင့်ကို ပြည့်ပြည့်ဝဝ ပေး မထားတာတွေ၊ ကျောင်းထဲမှာ အသင်းအဖွဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေး မထားတာတွေ၊ နောက်ပြီးတော့ အာဏာပိုင်တွေကပဲ တဖက်သတ် အကောင်အထည်ဖော်နေ တာဖြစ်တဲ့အတွက် ဒီဖိနှိပ်ခံ ပညာရေးစနစ်ကိုပဲ ဆက်လက် အသက်သွင်းသလို ဖြစ်နေတယ်။ နောက်တခုက ကျနော်တို့က ကျောင်းသားပြည်သူကို အခြေခံတယ်။ နောက် ဒီမိုကရေစီဆန်တဲ့ ပညာရေး အနစ်သာရနဲ့ ပြည့်စုံတဲ့ ကိုက်ညီတဲ့ အမျိုးသား ပညာရေးဥပဒေတရပ် ဆန့်ကျင်ဘက် ပညာရေးဥပဒေတရပ် ပေါ်လာဖို့က ကျနော်တို့ တောင်းဆို တိုက်ပွဲဝင်သွားမယ်လို့ ကျောင်းသားတွေ အားလုံးက သဘောတူထားပါတယ်။"

ကျောင်းသားတွေအနေနဲ့ လယ်သမားရေး၊ အလုပ်သမားရေးကိစ္စတွေ လူထု အရေးတွေ ကြုံလာရတဲ့အခါမှာ ဝင်ရောက်ပါဝင်နေတဲ့အပေါ်မှာ တချို့ ကျောင်းသား တချို့ဟာ တရားစွဲဆိုခံ ထားရတာတွေလည်း ရှိနေတာ ပါ။ ကျောင်းသားတွေ အနေနဲ့ ရှေ့ဆက်ပြီး အဟန့် အတားတွေ ဖြစ်လာမယ် ဆိုရင် ဘယ်လို ရင်ဆိုင်သွားမလဲ ဆိုတာကို လည်းမေးမြန်းကြည့်ခဲ့ပါတယ်။

" ကျနော်တို့ကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနည်းကို ကျင့်သုံးနေတယ်။ ကျနော်တို့ အခုလို အစည်းအဝေးတွေကိုလည်း အမိုးအကာအောက်မှာ ငြိမ်းချမ်းစွာ နဲ့ ကျနော်တို့ ဆွေးနွေးတယ်။ ကျနော်တို့ ဒီလိုငြိမ်းချမ်းစွာ ဆန္ဒပြတာတွေ၊ ငြိမ်းချမ်းစွာ ဆွေးနွေးတာတွေကို ပုဒ်မ ၁၈၊ ၁၉ အကြောင်းအမျိုးမျိုးတပ်ပြီး အရေးယူလာမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ သဘောထား တင်းမာမှုတွေ ဖြစ်လာနိုင်တယ်။ ကျောင်းသားတွေကို ရန်သပ်သပ်လိုက်စသလို ဖြစ်နေမယ်ဆိုရင်တော့ အုံကြွမှု အသွင်သဏ္ဍာန်အထိ ရောက်နိုင်တာပေါ့နော်။"

နိုင်ငံလုံး ဆိုင်ရာကျောင်းသား တွေ စုဝေးတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပြိး ၂ရက်တာ အစည်းဝေးအတွင်းမှာ ကျောင်းသားတွေအားလုံးက သူတို့ရဲ့သဘောထားတွေကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ် ။

တိုင်းနဲ့ပြည်နယ်အသီးသီးက ကျောင်းသား အင်အား၅၀၀ခန့် စည်းဝေးမယ့် အခြေအနေကို အစပိုင်းမှာတုန်းကတော့အာဏာပိုင်တွေက ဟန့်တားဖို့ ကြိုး စားခဲ့ပေမဲ့ နာရေးကူညီမူအသင်း ရန်ကုန်ကနေ ကျောင်းသားတွေ ကိုနေရာ ထိုင်ခင်းပေးပြီး အစည်းဝေးကျင်းပနိုင်အောင် ကူညီခဲ့တာကြောင့် ၂ရက်တာ ကာလမှာ ဟန့်တားတာမျိုးတွေ ဆက်မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံလုံး ဆိုင်ရာကျောင်းသား အစည်းအဝေးပွဲကို ဦးဆောင်တဲ့သူတွေကိုတော့ အာဏာပိုင်တွေက စောင့်ကြည့် သတင်းယူမူနဲ့ မှတ်တမ်းလုပ်တာမျိုးတွေ ရှိတယ်လို့ အစည်ဝေး ကျင်းပသူတွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG