သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှု တရားရုံးချုပ် ဖြေရှင်းချက် တောင်းဆို


Cox's Bazar ခရိုင်၊ Ramu ဒေသအတွင်းမှာ ဖျက်ဆီးခံခဲ့ရသော ဘုန်းကြီးကျောင်းတစ်ကျောင်း။
Cox's Bazar ခရိုင်၊ Ramu ဒေသအတွင်းမှာ ဖျက်ဆီးခံခဲ့ရသော ဘုန်းကြီးကျောင်းတစ်ကျောင်း။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့တိုက်ခိုက် မှုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အချိန်မီ အကာကွယ်မပေးနိုင်တဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံချုပ်က အမိန့်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအပါအဝင် အခင်းဖြစ်ပွားခဲ့တဲ့နယ်မြေတွေက လုံခြုံရေးအရာရှိတွေလည်း အခု အမိန့် ထုတ်ပြန်ချက်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။


အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၂၀ ကျော်နဲ့ စေတီပုထိုး အတော်များများ ပျက်စီးခဲ့ရတဲ့ အဲဒီ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုကို အစိုးရအနေနဲ့ ဘာကြောင့် အချိန်မီ အကာကွယ်မပေးနိုင်တာလဲဆိုပြီး ဗဟိုတရားရုံးရှေ့နေတဦးက အဆိုတင်သွင်းလာတဲ့အပေါ် ဘင်္ဂလားဒေ့ရှ် ဗဟိုတရားရုံးချုပ်က ကြားနာပြီး အခုလို ဆုံးဖြတ်ချက် ချလိုက်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star သတင်းဌာနက ဝါရင့်သတင်းထောက် Abdul Karam Azad က ပြောပါတယ်။

သူပြောသွားတာကတော့ - “ဘုန်းတော်ကြီးကျောင်းတွေ အရေအတွက် အများအပြား ပျက်စီး ဆုံးရှုံး တဲ့အထိ ဖြစ်သွားစေတဲ့ ဒီတိုက်ခိုက်မှုကို အစိုးရအနေနဲ့ ဘာကြောင့် အချိန်မီ ဟန့်တားနိုင်ခဲ့ခြင်း မရှိတာလဲ ဆိုတာနဲ့ နောက်ပိုင်း လိုအပ်တာတွေကို ဘာကြောင့် အချိန်မီ မလုပ်ဆောင်ဘဲ ရေ ငုံနှုတ်ပိတ် လုပ်နေတာလဲဆိုတဲ့အပေါ် ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက အဆိုတင်သွင်း လာပြီး တဲ့နောက်မှာ တရားရုံးချုပ်က အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်-တဲ့။ ဗဟိုတရားရုံးချုပ်ရဲ့ ဒီအမိန့်ကို အစိုးရအနေနဲ့ မကြာခင် ရက်ပိုင်းအတွင်းမှာ အကြောင်းပြန်ကြားပေးရမှာ ဖြစ်ပါ တယ်"လို့ ပြောသွားတာပါ။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝှမ်းလုံးမှာရှိနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ရဟန်း သံဃာတော်တွေအပါအဝင် တခြား ဘာသာတိုင်းရဲ့ ဝတ်ပြု ဆုတောင်းရာ နေရာတွေ အားလုံးကို အစိုးရအနေနဲ့ လုံခြုံ စိတ်ချမှုရှိအောင် လုပ်ဆောင်ပေးရမယ်ဆိုတဲ့ နောက်ဆက်တွဲ အမိန့်တခုကို လည်း အဲဒီအမိန့်ချပြီး နာရီအနည်းငယ်အကြာမှာ ဗဟို တရားရုံးချုပ်က ချမှတ်လိုက်ပါတယ်။

Ramu ခေါ် ပန်းဝါမြို့နဲ့ Cox’s Bazaar ခေါ် ဖလောင်းချိတ်ဒေသတွေမှာ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပြီးပြီးချင်း နောက်တနေ့မနက်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခြေအနေတွေကို သွားရောက် ကြည့်ရှုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း တိုးမြှင့် ချထားခဲ့ တာကြောင့် ဗဟိုတရားရုံးချုပ်ရဲ့ ဒီ အမိန့်ဟာ အစိုးရတာဝန်ရှိသူတွေအတွက် ပဟေဠိ ဖြစ်နေတာပါ။

အစိုးရအနေနဲ့ အခင်းဖြစ်ပွားရာ နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်ဆိုပေမယ့်လည်း တခြားဒေသတွေမှာ ရှိနေသေးတဲ့ ဘာသာရေး အဆောက်အဦးတွေကိုပါ အကာကွယ်ပေးရမယ့် တာဝန်ရှိတာကြောင့် ဗဟိုတရားရုံးချုပ်က အခုလို အမိန့်ချမှတ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ Abdul Karam Azad ကတော့ သုံးသပ်ပါတယ်။

သူပြောသွားတာကတော့ - "ဗဟိုတရားရုံးချုပ်က ဒီအမိန့်ကို ထုတ်ပြန်တာဟာ အခင်းဖြစ်ပွား တဲ့ နေရာဒေသတွေတင်သာ မကပဲ တခြား နေရာတွေမှာပါ ယိုပေါက်မရှိစေရအောင် အစိုးရအနေနဲ့ လုံခြုံရေးတွေ တိုးမြင့် ချထားဖို့အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာ ဖြစ်နိုင်ပါတယ်"- လို့ ပြော သွားတာပါ။

အခု ဗဟိုတရားရုံးချုပ်က ထုတ်ပြန်တဲ့ အမိန့်ဟာ အစိုးရအဖွဲ့လို့ ရည်ညွန်း ဖော်ပြထားပေမယ့်လည်း အဓိကအားဖြင့်တော့ တိုင်းပြည်ရဲ့ လုံခြုံရေးကိစ္စတွေမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်၊ နိုင်ငံတော် ရဲချုပ်အပါအဝင် Ramu နဲ့ Cox’s Bazaar ဒေသတွေက ရဲမှူးတွေနဲ့ တခြား လုံခြုံရေးတပ်ဖွဲ့တွေကို ရည်ညွန်း ပြောဆိုတာ ဖြစ်ပါတယ်။

ဗဟိုတရားရုံးချုပ်က အစိုးရအနေနဲ့ လုံခြုံရေးကိစ္စတွေမှာ ပိုမို တင်းကြပ်လုပ်ဆောင်ဖို့ ဒီကနေ့ အမိန့်ချမှတ်လိုက်ပေမယ့်လည်း အခင်းဖြစ်ပွားခဲ့တဲ့ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစပြီး ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီဒေသမှာ အခြေအနေတွေဟာ ပြန်လည် တည်ငြိမ်နေပြီး နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေလည်း ထပ်မဖြစ်တော့တဲ့အတွက် အခုလို ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေး လိုက်တာ ဖြစ်နိုင်တယ်လို့ The Daily Star သတင်းထောက် Abdul Karam Azad က တော့ သုံးသပ်ပါတယ်။

အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရမ်းကျမ်းစာအုပ်ကို မီးရှို့ထားတဲ့ ဓာတ်ပုံကို Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တာလို့ ဒီအထဲမှာ ပါတဲ့သူတွေက ပြောတာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာ တချို့မှာ ဖော်ပြခဲ့ကြတာပါ။

အခုချိန်ထိတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တယ်လို့ မသင်္ကာသူ ၁၆၆ ဦးကို ဖမ်းဆီးထားပြီးဖြစ်တဲ့ အကြောင်း ပြည်ထဲရေးဝန်ကြီး ဝန်ကြီး Muhiuddin Khan Alamgir က ပြောကြားထားပါတယ်။ ဒါပေမယ့် အခု ဖမ်းထားတဲ့သူတွေ ဘယ်သူတွေဖြစ်တယ်ဆိုတာ အစိုးရဘက်က သတင်း ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် သူတို့တွေဟာ အများက ထင်ကြေးပေးနေသလို့ ရိုဟင်ဂျာတွေနဲ့ ဂျမား အစ္စလားမီးယားလို့ခေါ်တဲ့ အစ္စလာမ် စစ်သွေးကြွအဖွဲ့ဝင်တွေ ဟုတ်မဟုတ်ဆိုတာတော့ ကွဲကွဲ ပြားပြား မသိရသေးပါဘူး။

မနေ့က အောက်တိုဘာ ၂ ရက်နေ့ကတော့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို အကာ အကွယ် ပေးဖို့နဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် အစိုးရအနေနဲ့ ထိုက်တန်တဲ့ လျော်ကြေး ထုတ်ပေးဖို့ ရာနဲ့ချီတဲ့ ဒါကားတက္ကသိုလ် ကျောင်းသားတွေ ချီတက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ် ခင်ဗျား။
XS
SM
MD
LG