သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WDBJ သတင်းထောက်နှစ်ဦး တိုက်ရိုက်သတင်းပေးပို့စဉ် ပစ်သတ်ခံရ


တိုက်ရိုက်သတင်းပို့နေစဉ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရသူ WDBJ သတင်းထောက်နှစ်ဦးဖြစ်တဲ့ Alison Parker နဲ့ Adam Ward
တိုက်ရိုက်သတင်းပို့နေစဉ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရသူ WDBJ သတင်းထောက်နှစ်ဦးဖြစ်တဲ့ Alison Parker နဲ့ Adam Ward

ဗာဂျီးနီးယားပြည်နယ်ဒေသခံ WDBJ ရုပ်သံလွှင့်ဌာနရဲ့ သတင်းထောက်နှစ်ဦး ဗုဒ္ဓဟူးနေ့က တိုက်ရိုက်သတင်းပေးပို့နေစဉ် သေနတ်နဲ့ ပစ်သတ်သွားသူလို့ ယူဆရတဲ့သူဟာ သူ့ကိုယ်သူပစ်တဲ့သေနတ်ဒဏ်ရာကြောင့် နောက်ပိုင်း သေဆုံးသွားတယ်လို့ ပြည်နယ် ရဲကပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ ရုပ်သံလွှင့်သတင်းထောက်နှစ်ဦး အလုပ်လုပ်တဲ့ ရုပ်သံလွှင်ဌာနရဲ့ အမှုထမ်းဟောင်းတဦးဖြစ်တဲ့ Vester Flanagan ဟာ ဝါရှင်တန်ဒီစီမြို့ပြင် အဝေးပြေးလမ်းပေါ်မှာ ရဲနဲ့ထိပ်တိုက်ရင်ဆိုင်စဉ် သူ့ကိုယ်သူ သေနတ်နဲ့ပစ်ခဲ့တာဖြစ်ပါတယ်။ သူဟာနောက်ပိုင်း နာရီ အနည်းငယ်အကြာ ဒေသခံဆေးရုံမှာ သေဆုံးသွားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ သေနတ်သမားဟာ အသက် (၂၄) အရွယ် သတင်းထောက် Alison Parker နဲ့ အသက် (၂၇) နှစ်အရွယ် ဓါတ်ပုံသတင်းထောက် Adam Wark တို့က ဝါရှင်တန်မြို့တော် အနောက်တောင်ဘက် မိုင် (၂၀၀) ခန့်ရှိ Roanoke အနီး Smith Mountain lake မှာ ဒေသခံစီးပွားရေးခေါင်းဆောင်တဦးကို တွေ့ဆုံ မေးမြန်းစဉ် သေနတ်သမားက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

Flanagan ဟာ Bryce Williams ဆိုတဲ့နာမည်လည်း ခံယူထားပြီး ဆိုရှယ်မီဒီယာတွေမှာ အဲဒီနာမည်နဲ့ သူပစ်ခတ်တဲ့ပုံတွေကို တင်ခဲ့တာ ဖြစ်ပါတယ်။ သူတင်ခဲ့တဲ့ ဗီဒီယိုတွေအနက် သူဟာ သတင်းပေးပို့နေတဲ့ လူတွေဆီကို လမ်းလျှောက်သွားပြီး Parker ကိုသေနတ်နဲ့ချိန်ကာ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပုံ ပါဝင်ပါတယ်။ Parker လဲကျသွားပြီးတဲ့နောက် သေနတ်သံတွေထပ်ကြားခဲ့ရပါတယ်။ Parker နဲ့ Wark နှစ်ဦးလုံးဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပါတယ်။

တိုက်ခိုက်ချိန်က WDBJ ရုပ်သံလွှင့်သတင်းထောက်တွေအနေနဲ့ စီးပွားရေးသတင်းတပုဒ်အတွက် ဒေသခံကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Vicki Gardner ကို တွေ့ဆုံမေးမြန်းနေတာဖြစ်ပါတယ်။ Gardner က နောက်ကျောမှာ သေနတ်အပစ်ခံရပေမဲ့လို့ အသက်ရှင်ကျန်ရစ်ပါတယ်။ သေနတ်ပစ်ခတ်ချိန်ဟာ ဒေသစံတော်ချိန် မနက် (၆) နာရီ (၄၅) မိနစ်ခန့်ဖြစ်ပြီး ရုပ်သံလွှင့် တိုက်ရိုက်သတင်းပေးပို့နေချိန်ဖြစ်ပါတယ်။

XS
SM
MD
LG