သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုဖောင်ဒေးရှင်း တည်ထောင်


မလေးရှားမင်းသမီး Michelle Yeoh (ဝဲ) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား စုဖောင်ဒေးရှင်းတည်ထောင်ခြင်းနဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာ အကြိုဖွင့်ပွဲမှာ အတူတွေ့ရစဉ်။ (မတ်လ ၉၊ ၂၀၁၄)
မလေးရှားမင်းသမီး Michelle Yeoh (ဝဲ) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား စုဖောင်ဒေးရှင်းတည်ထောင်ခြင်းနဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာ အကြိုဖွင့်ပွဲမှာ အတူတွေ့ရစဉ်။ (မတ်လ ၉၊ ၂၀၁၄)
မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်းတွေ တိုးတက် ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲစည်းလိုက်တဲ့ စု ဖောင်ဒေးရှင်း ဖွင့်ပွဲအခမ်းအနားကို တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့သလို ဒီအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Mitchelle Yeoh လည်း တက်ရောက်ခဲ့ပါတယ်။ ဒေသတွင်းမှာ နောက်ကျကျန်နေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်း တိုးတက် ကောင်းမွန်လာအောင် နိုင်ငံတကာ က ဝိုင်းဝန်း ကူညီကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပွဲနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။


မြန်မာနိုင်ငံဟာ တချိန်က ဒေသတွင်းမှာ ပညာရေးနဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်တဲ့ နိုင်ငံတခု ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒေသတွင်း နိုင်ငံတွေကို အမီလိုက်နိုင်ဖို့ အများကြီး လုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ စုဖောင်ဒေးရှင်းဖွင့်ပွဲနဲ့ ပတ်သက်လို့ ဒီဖောင်ဒေးရှင်း ဝက်ဆိုက်ကနေ တဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားခဲ့ပါတယ်။

"တချိန်တုန်းကတော့ ကျမတို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ အဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံတခုအဖြစ် အသိအမှတ်ပြု ခံခဲ့ရတာပါ။ ကျမတို့ရဲ့ ကျန်းမာရေး စနစ်ဟာ ဒေသတွင်းမှာ အလွန်တရာ ကောင်းလွန်းတာမျိုး မဟုတ်ရင်တောင် အကောင်းဆုံးနိုင်ငံတွေထဲက တခုဖြစ်ခဲ့ပါတယ်။ ပညာရေးစနစ်မှာလည်း အလားတူပါပဲ။ ခုချိန်မှာတော့ ကျမတို့ နိုင်ငံဟာ အိမ်နီးနားချင်း နိုင်ငံတွေ အားလုံးရဲ့ နောက်မှာ ကျန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ပညာရေး အဆင့်အတန်းတွေ ပြန်လည် တိုးတက်ကောင်းမွန်လာဖို့ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားချင်ပါတယ်။ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေမှာ စေတနာသဒ္ဒါတရား ထက်သန်စွာနဲ့ ဝိုင်းဝန်းကူညီကြပါ။ လှူဒါန်းကြပါလို့ တိုက်တွန်းချင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဖွဲ့စည်းတဲ့ စုဖောင်ဒေးရှင်းကို ကမ္ဘာပေါ်က အမျိုးသမီးခေါင်းဆောင်တွေက အားပေး ကူညီခဲ့ကြသလို ဒီအဖွဲ့ရဲ့ ဦးဆောင် နာယကတွေထဲမှာ အမေရိကန် သမ္မတကတော်ဟောင်း လော်ရာဘုရှ် နဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် တို့လည်း ပါဝင်ပါတယ်။ မနေ့က ကျင်းပတဲ့ စု ဖောင်ဒေးရှင်း ဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ တစေ့တစောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားထဲက အဓိက သရုပ်ဆောင် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မစ်ရှဲလ်ယိုးလည်း တက်ရောက်ခဲ့တာပါ။ သူ့အနေနဲ့ စု ဖောင်ဒေးရှင်းမှာ ဘုတ်အဖွဲ့ဝင်တယောက်အဖြစ်နဲ့ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတဲ့အကြောင်း မစ်ရှဲလ် ရိုးက ပြောသွားပါတယ်။

"စုဖောင်ဒေးရှင်းရဲ့ ဘုတ်အဖွဲ့ဝင် တယောက်အနေနဲ့ ကျမ သိပ်ကို ဂုဏ်ယူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမဘဝရဲ့ ကဏ္ဍသစ်တခုကို စတင်နေချိန်၊ မြန်မာပြည်သူပြည်သားတွေရဲ့ လူနေမှုဘဝတွေ တိုးတက်ကောင်းမွန်ဖို့ ကြိုးပမ်းနေချိန်မှာ ကျမ အနေနဲ့လည်း ခုလို စုဖောင်ဒေးရှင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် သိပ်ကို ဂုဏ်ယူပါတယ်။ စုဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပေမယ့် အခြေခံအကျဆုံးဖြစ်တဲ့ ပညာရေး နဲ့ ကျန်းမာရေး ကိစ္စတွေမှာ ကူညီဆောင်ရွက်ဖို့ ဖြစ်ပါတယ်။"

မင်းသမီး မစ်ရှဲလ် ရိုးဟာ ၂ဝ၁၁ ခုနှစ်က ဒါရိုက်တာ လု(က်) ဘက်ဆန် (Luc Besson) ရိုက်ကူးတဲ့ The Lady ရုပ်ရှင်ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် ၂ဝ၁၁ ခုနှစ်တုန်းက မြန်မာနိုင်ငံကနေ အာဏာပိုင်တွေရဲ့ နှင်ထုတ်ခံရမှုနဲ့ ကြုံခဲ့ရတဲ့သူ ဖြစ်ပါတယ်။

မနေ့က စုဖောင်ဒေးရှင်း ဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အများ ချီးကျူး ပြောဆိုနေသလောက် သိသိသာသာကြီး တိုးတက်ပြောင်းလဲမှု မရှိသေးဘူးလို့ ဝေဖန်ပြောဆိုသွားပေမဲ့၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုင်းမှာတော့ တိုးတက်မှုတွေ ရှိလာတဲ့အကြောင်း အသိအမှတ်ပြု ပြောသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာ အဖွဲ့အစည်းတွေ အများအပြား ပေါ်ထွက်လာခဲ့သလို အရင်က လွတ်လပ်စွာ ရေးသားခွင့်မရှိတဲ့ နိုင်ငံရေး လူမှုရေးဆိုင်ရာ ကိစ္စတွေကို အတော်အသင့် ပွင့်ပွင့်လင်းလင်း ဝေဖန် ရေးသား ထုတ်ဖော်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို သတင်းမီဒီယာပိုင်းမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာတာကတော့ ငြင်းစရာ မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တာပါ။

"ဒီနိုင်ငံထဲမှာ အံမခမ်း အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်ဆိုပြီး လူတွေ အတော်များများက ပြောကြပါတယ်။ ကျမကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ပြောင်းလဲမှုတွေဟာ သူတို့ပြောနေသလောက် မကြီးကျယ်သေးသလို၊ သိပ် အံံသြစရာလည်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျမတို့ အားလုံး မငြင်းနိုင်တဲ့ ပြောင်းလဲမှုတခုတော့ ရှိပါတယ်။ အဲဒါကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပိုပြီး ရှိလာတဲ့ကိစ္စ ဖြစ်ပါတယ်။"
- လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

လွတ်လပ်တဲ့ သတင်း မီဒီယာတွေမရှိဘဲ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်တရပ် ထူထောင်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့အကြောင်းနဲ့၊ အာဏာရ ပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့် ဖော်ထုတ်နိုင်တဲ့ လွတ်လပ်စွာ သတင်း ရေးသား ဖော်ပြခွင့်တွေ မရှိဘူးဆိုရင် အများပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောသွားခဲ့တာပါ။ သတင်းသမားတွေ အနေနဲ့လည်း သတင်းတွေကို မှန်မှန်ကန်ကန် ဖော်ပြရမှာဖြစ်ပြီး ပြည်သူအများ အကျိုးရှိမယ့် သတင်းမျိုးတွေကို ဖော်ပြဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG