သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးအစွန်းရောက် အမြင်မှားမခံရအောင် ဂရုစိုက်ဖို့ ဒေါ်စု သတိပေး


Time မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို လွှတ်တော်အစည်းအဝေး ခဏနားချိန်မှာ ဒေါ်စု ဖြေကြားနေစဉ် (၂၅ ဇွန် ၂၀၁၃)
Time မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို လွှတ်တော်အစည်းအဝေး ခဏနားချိန်မှာ ဒေါ်စု ဖြေကြားနေစဉ် (၂၅ ဇွန် ၂၀၁၃)
ဘာသာရေး ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဖြေရှင်းရေးမှာ တည်တည်ငြိမ်ငြိမ် စဉ်းစားအဖြေထုတ်နိုင်ဖို့ အေးချမ်းမှုရှိရေး၊ တရားဥပဒေစိုမိုးရေးဟာ အဓိက အရင်ဆုံး လိုအပ်ချက်ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုပါတယ်။

တချိန်တည်းမှာပဲ ဘာသာတရားတရပ်ကို အများအမြင်မှာ အကြမ်းဖက်ဘာသာ ဖြစ်တယ်ဆိုတဲ့ အမြင်မှားမျိုး မဖြစ်အောင် အားလုံးအနေနဲ့ ကြိုးပမ်းသင့်တယ်လို့လည်း တိုက်တွန်းပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆိုပြီး မြန်မာနိုင်ငံက ဘာသာရေး ပဋိပက္ခအပေါ် ရေးသားထားတဲ့ ဆောင်းပါးနဲ့ပတ်သက်လို့ ဒီနေ့ နေပြည်တော် လွှတ်တော် အစည်းအဝေးနားချိန် သတင်းထောက်တွေက ဒေါ်အောင်ဆန်းစုကြည်ကို သူ့အမြင် မေးမြန်းကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ ဒီဆောင်းပါးကို မဖတ်ရသေးပေမဲ့လို့ ဘာသာတရပ်ကို အများအမြင်မှာ အကြမ်းဖက်ဘာသာအဖြစ် သတ်မှတ် ယူဆခံရတာမျိုး မဖြစ်အောင် အားလုံး ဂရုစိုက်ဖို့ လိုမယ်လို့ ပြောဆိုသွားပါတယ်။

“ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတယ်လို့ အထင်ခံရရင်တော့ ဘယ်ကောင်းမလဲ။ ဘာသာတရားဆိုတာကတော့ အခြေခံအားဖြင့်တော့ လူသားတွေ အချင်းချင်းကြားမှာ မေတ္တာပွားနိုင်ဖို့၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပွားနိုင်ဖို့ ဒီဟာကို တွန်းအားပေးရမှာပဲ။ အဲ့တော့ ဘယ်ဘာသာပဲဖြစ်ဖြစ်ပါ အများအမြင်မှာကျတော့ အကြမ်းဖက်တယ်လို့ မြင်လာလို့ရှိရင် မကောင်းဘူးပေါ့လေ။ ဒါပေမဲ့ ဒီလို အမြင်မှားတာမျိုး မဖြစ်အောင်လည်း အားလုံးကနေပြီးတော့ ကြိုးစားရမှာပေါ့။”

တချိန်တည်းမှာပဲ မျိုးစောင့်ဥပဒေဆိုပြီး မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေ ဘာသာခြားနဲ့ ယူခွင့် ကန့်သတ်ဖို့ အဆိုပြုနေကြတာနဲ့ ပတ်သက်လို့လည်း သူ့ရဲ့အမြင်ကို ယတိပြတ် မပြောသွားပေမဲ့၊ ဘာသာတရပ်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ ဘာသာဝင်တွေရဲ့ ယုံကြည်မှုအပေါ်မှာ ပိုတည်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အဲ့ဒီဟာက နှစ်ဘက်ရှိတယ်လေ။ ဟို ဘာသာရေးဘက်လည်းရှိတယ်။ ဥပဒေဘက်လည်း ရှိတယ်။ အဲ့တော့ ဘာသာရေးဘက်ဆိုင်ရာနဲ့ ပတ်သက်လို့ အန်တီ ဘယ်တော့မှ ပြောလေ့မရှိဘူး။ ဘာသာရေးမှာလည်း အန်တီ ကျွမ်းကျင်တာမဟုတ်ဘူး။ ဥပဒေဆိုလို့ရှိရင်တော့ ဒါ ဥပဒေပိုင်းဆိုင်ရာဆိုတော့ ဒါတွေဟာ အခုလက်ရှိ အန်တီတို့ တည်ဆဲဥပဒေတွေမှာ ဒီလို ဥပဒေမျိုး မရှိဘူး။ ဥပဒေဆိုတာဟာလည်း တရားမျှတမှုကို အခြေခံရမယ်။ အားလုံးအပေါ်မှာ တန်းတူညီမျှမှုကို အခြေခံရမယ် ဆိုတာ ဒါ အားလုံး လက်ခံထားတဲ့ မူတွေပဲ။ အန်တီကတော့ ကာကွယ်တယ်ဆိုတာဟာ ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ အဲ့တော့ ဒီဘာသာကို လိုက်စားတဲ့ လူတွေ အားလုံးရဲ့ ယုံကြည်မှုဟာ ခိုင်မာရင် ဘာနဲ့ ဘယ်လိုကမှ ဒါကို လွှတ်လို့မရပါဘူး။”

အခုဖြစ်နေတဲ့ ဘာသာရေး ပဋိပက္ခတွေအပေါ်မှာ သတင်းမီဒီယာတွေအနေနဲ့ မှန်မှန်ကန်ကန် မျှမျှတတ သုံးသပ်တင်ပြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

အခု ဘာသာရေး ပဋိပက္ခအပေါ်မှာ သူတစ်ဦးတည်းနဲ့ အဖြေထုတ်ဖို့ကိုလည်း ခက်တာကြောင့် အားလုံး ဝိုင်းဝန်း အဖြေရှာကြဖို့ လိုအပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဒီလို အဖြေထုတ်ရာမှာ ကိုယ့်မြန်မာလူမျိုးတွေ အကျိုးစီးပွားအပြင်၊ ကမ္ဘာ့အနေအထားကိုလည်း မပြတ်ဖို့ လိုမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

“မီဒီယာကလည်း တာဝန်သိသိနဲ့ သုံးသပ်စေချင်တယ်။ ဘက်မလိုက်ပါနဲ့။ အမြင်ကို အမြင်အတိုင်း သတ္တိရှိရှိနဲ့ တင်ပြပါ။ ဒီ ဗုဒ္ဓလိုပေ့ါနော် အကျိုးဆက်တွေက ဘယ်လိုဖြစ်နေသလဲဆိုတာ အခု အန်တီတို့ နိုင်ငံအပေါ်မှာ အမြင်စောင်းလာတယ်ဆိုတာ ဒါ သိကြတာပဲ။ ဒါဟာ မီဒီယာလောကမှာ ဒီလိုဖြစ်လာတယ်။ အဲ့တော့ အန်တီ့ကိုလည်း တိုက်ခိုက်တာပဲ။ ဘာဖြစ်လို့ တဘက်ကနေပြီးတော့ တခါတည်း လက်သီးလက်မောင်းတန်းပြီး ပြောပေးလဲဆိုတာ။ နံပါတ်တစ်က လက်သီးလက်မောင်းတန်းတာကိုလည်း ဝါသနာမပါဘူး။ နောက်ပြီးတော့ ခုနပြောသလိုပေါ့ ရုပ်သိမ်းရမယ့် စကားမျိုးလည်း အန်တီမပြောချင်ဘူး။ အခြေခံ အန်တီ့မူနဲ့ ကိုက်ညီတာ၊ အန်တီတို့ အဖွဲ့ချုပ်ရဲ့ မူနဲ့ လွဲချော်မှုမရှိတဲ့ စကားပဲ အန်တီပြောချင်တယ်။ ဒါကြောင့် အားလုံးဝိုင်းပြီး စဉ်းစားပေး။”

လက်ရှိဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေ ဖြေရှင်းရေး အဆင့်မရောက်ခင်၊ နှစ်ဘက် အပြန်အလှန် သင့်မြတ်မှုတွေ မသွားခင်မှာတော့ တရားဥပဒေ စိုးမိုးရေး အရေးတကြီး လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

“လူနှစ်ယောက် အချင်းချင်းမှာ တစ်ယောက်ရဲ့ ဓားနဲ့ တစ်ယောက်ရဲ့ ဓားနဲ့ တေ့ထားတဲ့ လူနှစ်ယောက်ကို ပြေလည်ရေး ပြောပါလို့ ပြောလို့မရဘူး။ ဒီဓားတွေ ဖြုတ်ပစ်လိုက်ပြီးမှ သူတို့တွေရဲ့ စိတ်ငြိမ်သွားမှ ပြောလို့ရမယ်။ ဒါကြောင့် အန်တီက တရားဥပဒေစိုးမိုးရေးဟာ ဒါကို ပြောတာပဲ။ လူတွေကနေပြီးတော့ သူတို့ရဲ့ စိတ် လုံခြုံသွားပြီ။ သူတို့ဘဝတွေ လုံခြုံသွားပြီဆိုမှ စဉ်းစားမယ်။ ပြန်လည်သင့်မြတ်ရေးကို ကြိုးစားမယ်။ မလုံခြုံမချင်း မစဉ်းစားဘူး။ အဲ့ဒါ အဓိက။ နောက်တခုက အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာလုပ်နေသလဲဆိုတာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။”

ပြီးခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တစုံတရာ ပြတ်ပြတ်သားသား မှတ်ချက်ပေးတာ မရှိဘူးဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် ကလေးမွေးဖွားမှု ကန့်သတ်တဲ့ ဒေသန္တရ ညွန်ကြားချက်အပေါ်မှာတော့ ဒါဟာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီး ဝေဖန်ခဲ့တာ ရှိပါတယ်။ ဒီအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
XS
SM
MD
LG