သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ယိမ်းပုံရိပ်ကို တရုတ်ခရီးနဲ့ ဒေါ်စု ညှိလိုဟန်ရှိ


တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ဒီဇင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ပလဲနံပသင့်တဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း သံတမန်ရေး ချစ်ကြည်မှု တည်ဆောက်ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်ဖြစ်ပြီး တရုတ်အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းမွန်ခိုင်မာအောင် လုပ်ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ တရုတ်-မြန်မာဆက်ဆံရေး အကဲခတ်တွေက ဆိုပါတယ်။ ရှေ့လထဲသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မဆုမွန်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို ရှေ့လ ဒီဇင်ဘာမှာ ပထမဆုံးအကြိမ် သွားရောက် လေ့လာမယ့်ခရီးစဉ်ဟာ တရုတ်-မြန်မာဆက်ဆံရေး အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှုရအောင် တည်ဆောက်တဲ့ ခြေလှမ်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သွားမယ်ဆိုတာပြောတယ်။ ဒီဇင်ဘာထဲမှာလို့ပြောတယ်။ အမြဲတမ်းပါလေ့ ရှိတာကတော့ နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်မှု ဒီမြန်မာနိုင်ငံရဲ့ အပြောင်းအလဲကြောင့် ဘယ်လို ဆက်ဖြစ်လာမလဲဆိုတဲ့ အဲ့ဒီ subject လေးက အမြဲတမ်း ပါတတ်တယ်။”

NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းဟာ NLD ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်နိုင်ငံကို သွားရောက် လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း လေ့လာခဲ့တာနဲ့ ပတ်သက်လို့ ဦးဉာဏ်ဝင်းပြောပြတာက-

“တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သူတို့စီးပွားရေးနဲ့ သူတို့ပါတီတွေရဲ့ လှုပ်ရှားမှု၊ ဆက်သွယ်မှုတွေ အဲ့ဒါတွေကို လေ့လာခွင့်ရတယ်။”

အခုလိုမျိုး တရုတ်အစိုးရနဲ့ မြန်မာ့နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြား အပြန်အလှန် ဆက်ဆံရေး တိုးတက်လာတာဟာ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးအပေါ် မူဝါဒချမှတ် အဆင့်ဆင့် ဆောင်ရွက်မှုရဲ့ တစိတ်တပိုင်း ဖြစ်နိုင်သလို အနောက်နိုင်ငံတွေနဲ့ ပလဲနံပသင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ သံတမန်ရေး ချစ်ကြည်မှု တည်ဆောက်တဲ့ ခြေလှမ်းဖြစ်တယ်လို့ တရုတ်-မြန်မာဆက်ဆံရေး အကဲခတ် ဒေါ်လှကျော်ဇော်က အခုလို သုံးသပ်ပါတယ်။

“သူတို့ ညှိနှိုင်းနေတာတော့ ကြာပြီ။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်လာရေးလေ။ အဲတော့ ဘယ်သူတွေကို ဖိတ်မယ်။ ဘယ်လိုအဆင့်အတန်းနဲ့ ဖိတ်မယ်။ အဲ့ဒါမျိုးတွေပေါ့။ တော်တော်လေး ညှိနှိုင်းနေတာ ကြာပါပြီ။ အခုမှ ဘယ်လိုပြောမလဲ အဆင်ပြေသွားတယ်နဲ့ တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာဖို့ကို တရုတ်ဘက်ကလည်း လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လာချင်နေတာ ကြာပါပြီ။ တနှစ်လောက်တောင်ရှိပြီ။ ကျမတို့ ကြားနေတာလေ။ အခုတော့ လာဖြစ်သွားတာနဲ့ တူပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း သူ့ရဲ့ပုံရိပ်ဖြစ်တဲ့ အနောက်တိုင်းကို သိပ်ယိမ်းတယ်ဆိုတာကို သူကလည်း နည်းနည်း ဘယ်လိုခေါ်မလဲ မလိုလားဘူးပေါ့နော်။ သူ့အနေနဲ့က ကြားနေတတ်တဲ့သူ၊ အထူးသဖြင့် ဒီလို ဗမာပြည်၊ တရုတ်ပြည်ရဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ်နဲ့ သူက တရုတ်ပြည်ကိုလည်း ရင်းရင်းနှီးနှီး ကောင်းကောင်းမွန်မွန် ဆက်ဆံချင်တယ်။ ဆက်ဆံနိုင်တဲ့ပုံရိပ်ကို သူကလည်း ဖော်ချင်တာနဲ့ အဲ့ဒီ ဒီခရီးက ဖြစ်သွားတယ်နဲ့ တူပါတယ်။ ဟိုကျမကြားတာတော့ ပြည်သူ့အတိုင်ပင်ခံကွန်ဖရင့် ဆိုတာရှိတယ်ဗျ။ Senate ပေါ့။ အနောက်တိုင်းမှာဆိုရင်တော့ Senate ပေါ့။ ရွေးကောက်ခံရတဲ့ အမျိုးသားလွှတ်တော်မဟုတ်ဘူး။ သူက အကြံပေးအဖွဲ့ပဲ။ တပ်ပေါင်းစုလက္ခဏာဆောင်တယ်။ အဲ့ဒီအဖွဲ့က ဖိတ်တာလို့ပြောတယ်။ Senate ဥက္ကဌက ဖိတ်တာလို့ပြောတယ်။”

တရုတ်အစိုးရအနေနဲ့လည်း ဒေသတွင်း အထူးသဖြင့် တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ မူဝါဒ ချမှတ် အကောင်အထည်ဖော်နေချိန် ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်တာဟာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားတွေ လုံခြုံမှုရှိအောင် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့လည်း ဒေါ်လှကျော်ဇောက ရှုမြင်ပါတယ်။

“အဲ့ဒါကတော့ တောက်လျှောက် တရုတ်ဘက်ကလည်း ဒီလို သူ့ရဲ့အိမ်နီးနားချင်း ပေါ်လစီ၊ သံခင်းတမန်ခင်းပေါ်လစီဆိုတာ ရှိတယ်။ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေး ပိုမို ပြေပြစ်အောင်လုပ်ရေး။ နောက်တခုက အိမ်နီးနားချင်းတွေနဲ့ အထူးသဖြင့် အခြေခံအဆောက်အအုံတွေ များများလုပ်ရေးပေါ့။ အဲ့ဒီကိစ္စတွေ ဘာတွေအားလုံးကို တရုတ်ကလည်း ဝီရိယစိုက်ပြီး လုပ်နေတာဖြစ်တာကိုး။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် လာလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့လည်း တစုံတရာ သူတို့အပေါ်မှာ အမြင် နည်းနည်းပါးပါးများ ကောင်းလာမလားလို့ တရုတ်ဘက်ကလည်း ထင်ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအတွက် ကြိုးစားမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရတာကလည်း သူက အင်အားကြီးနိုင်ငံအားလုံး အထူးသဖြင့် အိမ်နီးနားချင်း အင်အားကြီးနိုင်ငံ အားလုံးနဲ့လည်း ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ချင်ပုံ ရပါတယ်။ ဒါဟာ ကျမတို့ တိုင်းပြည်အတွက် အမြင်ကျယ်တဲ့သူတိုင်း ထားသင့်တဲ့ သဘောထားပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တရုတ်နိုင်ငံ တာဝန်ရှိသူတွေက လာရောက်လေ့လာဖို့ ဖိတ်ကြားခဲ့သလို၊ တရုတ်ကွန်မြူနစ်ပါတီဘက်က မြန်မာ့နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်း အရင်ကထက် ပိုပြီးသိအောင် လေ့လာသုံးသပ်နေတဲ့ တစိတ်တပိုင်းအဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေက NLD ပါတီ ဗဟိုကော်မတီဝင်တွေနဲ့ NLD ပါတီ ဗဟိုဌာနချုပ်ရုံးမှာ လာရောက်တွေ့ဆုံခဲ့ကြတာလည်း ရှိပါတယ်။

XS
SM
MD
LG