သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုခရီးစဉ် တရုတ်စိတ်ဝင်စား


တရုတ်နိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံသမ္မတ Xi Jinping အပါအဝင် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်ကို အကျဉ်းလောက်သာ သတင်းဖော်ပြပေမဲ့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ရေးသားနေတဲ့ ဝပ်ဆိုဒ်တွေနဲ့ လူမှုကွန်ယက်တွေပေါ်က ဆွေးနွေးချက်တွေကိုတော့ တရုတ်အစိုးရက ပိတ်ပင်တာ မလုပ်ပါဘူး။ ဒီအကြောင်း Beijing ကနေ ဗွီအိုအေသတင်းထောက် Bill Ide သတင်း ရေးသား ပေးပို့ထားတာကို အခြေခံပြီး ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ရောက်ရှိလာပြီဆိုတဲ့ သတင်းကို တရုတ်အစိုးရပိုင် သတင်းတွေမှာ ဖော်ပြခြင်း မရှိသေးပါဘူး။ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဒီခရီးစဉ်ကို သိပ်ပြီး ပေါ်ပေါ်ထင်ထင်ဖြစ်အောင် လုပ်လိုဟန်မရှိပေမဲ့ ဒီခရီးစဉ်အပေါ် စိတ်ဝင်စားမှုတွေ မျှော်လင့်ချက်တွေကတော့ အတော်လေး တွေ့ရပါတယ်။ တရုတ်ဘာသာနဲ့ရေးတဲ့ အွန်လိုင်းစာမျက်နှာတခုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြားစာမျက်နှာဖွင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအကြောင်း၊ သူ့ရဲ့လှုပ်ရှားမှု နောက်ခံအကြောင်းတွေကို ဓာတ်ပုံတွေနဲ့တကွ တင်ထားပါတယ်။

ဆောင်းပါးတွေအောက်မှာ အများပြည်သူက မှတ်ချက်ပေးနိုင်ဖို့လည်း ခွင့်ပြုထားပေမဲ့လို့ မှတ်ချက်တွေကိုတော့ နောက်ပိုင်းမှာ သူတို့ ဖျက်ပစ်ပါတယ်။ အဲဒီမှတ်ချက်တွေမှာ စာဖတ်သူအချို့က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဂုဏ်ယူစရာ အမျိုးသမီးတဦးအဖြစ်နဲ့ ချီးကျူးထားသလို၊ မှတ်ချက်ပေးသူတဦးကတော့ ဒေါ်စုလို ခေါင်းဆောင်မျိုး ငါတို့ဘယ်တော့ရနိုင်မလဲ ဆိုတဲ့ မေးခွန်းမျိုးကိုပါ မေးထားပါတယ်။ တချို့ ဝေဖန်ပြစ်တင်တာမျိုးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ အရင် ဖက်ဆစ်ဂျပန်နဲ့ ဆက်ဆံခဲ့ဖူးတာကိုလည်း ထောက်ပြ ဝေဖန်တာမျိုး ရှိပါတယ်။

China Digital Times ကတော့ ဒီခရီးစဉ်ကို သတင်း ရေးသား ဖော်ပြတာမျိုးမလုပ်ဖို့ တရုတ်ပြန်ကြားရေး အာဏာပိုင်တွေက သတင်းဌာနတွေကို ညွှန်ကြားချက်ထုတ်ထားတယ်လို့ ရေးပါတယ်။ ဒါပေမဲ့လည်း ဝပ်ဆိုဒ်အချို့ကတော့ ဒီညွှန်ကြားချက်ကို လိုက်နာပုံ မရပါဘူး။

တရုတ်-မြန်မာဆက်ဆံရေး အရေးကြီးနေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ် ဖြစ်လာတယ်လို့ ဆိုရမှာပါ။ တရုတ်နယ်စပ်မှာ မြန်မာတိုင်းရင်းသား ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား လနဲ့ချီ တိုက်ပွဲတွေ ဖြစ်နေသလို၊ ပြဿနာဟာ နယ်စပ်ဖြတ်ပြီး တရုတ်ထဲပါ ရောက်လာတာပါ။ တိုက်ပွဲက လက်နက်ကြီးကျည်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီးတော့ တရုတ်မြေပေါ် ကျရောက်တာမျိုးတွေလည်း ရှိခဲ့ပြီး၊ တကြိမ်မှာတော့ ဗုံးဆံကြောင့် တရုတ်လယ်သမား ၅ ဦး သေဆုံးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း မကြာခင်မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့ရှိနေသလို၊ ဒီရွေးကောက်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ လွှတ်တော်ထဲ ပိုနေရာရလာပြီး သြဇာကြီးလာမယ်လို့ မျှော်လင့်မှုတွေလည်း ရှိနေတာပါ။ လာမယ့် ရွေးကောက်ပွဲတွေဟာ အခုခရီးစဉ်ဖြစ်ဖို့ အဓိက အကြောင်းရင်းတခု ဖြစ်မယ်လို့ ဝါရှင်တန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Sun Yun က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေအနေ ကောင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဇာကြီးတဲ့ နိုင်ငံရေးသမားတဦး ဖြစ်လာမယ်လို့ သူက ပြောပါတယ်။

“တရုတ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ အရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားတွေ ရှိနေပါတယ်။ ဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး အစမပြုနိုင်ရင် တရုတ်အတွက် မှားပါလိမ့်မယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ကို ဘယ်လောက် ဦးဆောင်နိုင်မလဲဆိုတဲ့ မြန်မာနိုင်ငံတွင်းမှာရော ပြည်ပကပါ ရှိနေတဲ့ မေးခွန်းတွေကိုလည်း ဒီခရီးစဉ်က အဖြေပေးပါလိမ့်မယ်လို့ Sun က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အရည်အသွေးတွေကိုလည်း တိုးလာစေမယ်လို့က သူက ယူဆပါတယ်။

“များသောအားဖြင့် သူက အမေရိကန်၊ ဗြိတိန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဂျပန် တောင်ကိုရီးယား တို့ကိုပဲ သွားခဲ့တာများပါတယ်။ ကမ္ဘာပေါ်မှာ အရေးပါတဲ့ တိုင်းပြည်အားလုံးနီးပါးကို သူ သွားခဲ့ပါတယ်။ အဲဒီထဲမှာ တရုတ်မပါခဲ့ပါဘူး။”

ရွေးကောက်ပွဲဖြစ်လာရင် အခြေအနေတွေက တစုံတရာ ပြောင်းလဲမှုတွေ ရှိလာနိုင်တာကြောင့် တရုတ်အနေနဲ့က အာဏာရပါတီနဲ့ရော အတိုက်အခံပါတီနဲ့ပါ ဆက်ဆံထားဖို့လိုမယ်လို့ Fudan University ပါမောက္ခ Ren Xiao က ပြောပါတယ်။ ဒါပေမဲ့ အခု ခရီးစဉ် ဆက်ဆံရေးကတော့ မြန်မာအာဏာရပါတီနဲ့ ဆက်ဆံရေးကို Waning ဖြစ်သွားစေမယ် သဘောတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရုတ်အပေါ် အမြင်အပါအဝင်ပေါ့၊ တရုတ်နဲ့ မြန်မာအတိုက်အခံအကြား အပြန်အလှန် နားလည်မှုက မရှိခဲ့ပါဘူး။ ဒါကြောင့် နှစ်ဘက် အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ပြီး နားလည်မှု တည်ဆောက်ရေး လုပ်ဆောင်တာဖြစ်တယ်။” - လို့ ပါမောက္ခ Ren Xiao က တရုတ်ဘာသာစကားနဲ့ ပြောခဲ့တာပါ။

ဒါပေမဲ့လည်း အရင်ကရှိပြီး သမိုင်းကြောင်းတွေနဲ့ နှစ်ဘက်ကွာဟချက်တွေကိုတော့ ဒီခရီးစဉ်ကနေ အလျှင်အမြန်တော့ ဖြေရှင်းနိုင်မယ့်ပုံ မရှိသေးပါဘူး။ တရုတ်နိုင်ငံဟာ အရင်တုန်းကဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့ မြန်မာစစ်အစိုးရကို တောက်လျှောက် အဓိက ထောက်ခံ ကူညီခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

တရုတ်ပြည်ပရှိတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကိုသွားတဲ့ ခရီးစဉ်အပေါ်မှာ၊ ထောင်တွင်းအကျဉ်းချခံနေရသူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တရုတ်အတိုက်အခံ Liu Xiaobo လွတ်မြောက်ရေးအတွက် တောင်းဆိုပေးဖို့ ပြောနေကြပါတယ်။ တရုတ်နိုင်ငံရဲ့ တပါတီစနစ်ကို အဆုံးသတ်ဖို့ လှုပ်ရှားဆောင်ရွက်မှုနဲ့ Liu ဟာ ၂၀၀၉ ခုနှစ်မှာ ဖမ်းခံခဲ့ရပြီး၊ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာပါ။

ဒေါ်အေင်ဆန်းစုကြည်အနေနဲ့ အကျယ်ချုပ်က လွတ်ပြီးနောက်ပိုင်း အခုခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပေမဲ့လို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တွေကတော့ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့နှစ်က အလည်အပတ် သွားရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း တရုတ်နိုင်ငံကို လာရောက်ဖို့ ရှိတယ်ဆိုပြီး၊ သတင်းတွေဖြစ်ခဲ့တာ ကြာပေမဲ့ ခရီးစဉ်ကတော့ အခုမှ ဖြစ်လာတာပါ။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကတော့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ လွှွတ်တော်အမတ်အဖွဲ့ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ပဲ တရုတ်နိုင်ငံကို လာရောက်ခဲ့ပါတယ်။

XS
SM
MD
LG