သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဘေဂျင်းမြို့တော်ရောက်


မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ ရက်ကြာ အလည်အပတ်ခရီးအဖြစ် တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက် ရှိနေပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ထူးခြားတဲ့ ခရီးစဉ်တခုဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်သမ္မတ Xi Jinping ဝန်ကြီးချုပ် Li Keqiang အပါအဝင် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ VOA သတင်းထောက် William Gallo ရဲ့သတင်းပေးပို့ချက်ကို အခြေခံပြီး ဦးစံမိုေ၀ က စုစည်း တင်ပြထားပါတယ်။

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ တရုတ်နိုင်ငံနဲ့ သံတမန်ရေး ဆက်ဆံမှုအပေါ် အထောက်အပံ့ပေးမယ့် အလည်အပတ်ခရီးစဉ်ကို စတင်လိုက်သလို၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုအပေါ် စမ်းသပ်လိုက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်လို့ သုံးသပ်ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ထင်ရှားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ခရီးစဉ်ကို အရင်က မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ မဟာမိတ် တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ထူးခြားလှတဲ့ ခရီးစဉ်အတွင်း မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ Xi Jinping၊ ဝန်ကြီးချုပ် Li Keqiang တို့ အပါအဝင် တရုတ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မျှော်လင့်ထားပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို ဆိုက်ရောက်လာပြီ ဖြစ်တဲ့အကြောင်းနဲ့ သူမဟာ နိုင်ငံ့အကြီးအကဲတွေ၊ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်တဲ့အကြောင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီးတော့ တရုတ်နိုင်ငံကို အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေပါပြီ။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံက နိုင်ငံအရေးပါတီတို့အကြား အပြန်အလှန်ပြုလုပ်ကြတဲ့ ဆောင်ရွက်မှုတခု ဖြစ်ပါတယ်” - လို့ ဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က မန်ဒရင်းဘာသာနဲ့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ ရေရှည်ချစ်ကြည်စွာ ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း၊ အခုခရီးစဉ်က ပါတီ ၂ ရပ်ကြား နားလည်မှုနဲ့ အပြန်လှန် ယုံကြည်မှုကို ပိုမို အလေးအနက် ရှိစေမှာဖြစ်ပြီး၊ တရုတ်နဲ့ မြန်မာ ၂ နိုင်ငံအကြား ကဏ္ဍပေါင်းစုံမှာ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးကို တွန်းအားပေးစေမှာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံ ပြည်ပမှာရှိတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ မြန်မာနိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံမှာ အကျဉ်းချခံနေရသူ တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် အတိုက်အခံ Liu Xiaobo လွတ်မြောက်ရေးအတွက် တောင်းဆိုပေးလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ တရုတ်နိုင်ငံရဲ့ တပါတီစနစ်ကို အဆုံးသတ်ဖို့ လှုပ်ရှားဆောင်ရွက်မှုနဲ့ Liu ဟာ ၂၀၀၉ ခုနှစ်မှာ ဖမ်းခံခဲ့ရပြီး၊ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ Hong Lei က -

“တရုတ်နိုင်ငံရဲ့ တရားရေးအာဏာပိုင်တွေက ဥပဒေကြောင်းအရ ဆုံးဖြတ်ထားချက်ကို ပြန်ပြီးတော့ ပြင်ဆင်စရာ အကြောင်းမရှိပါဘူး” လို့ Hong Lei က မန်ဒရင်းဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ လက်ရှိ မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေခဲ့တာကြောင့် စစ်အစိုးရလက်ထက်ကတည်းက အစဉ်တစိုက် မြန်မာနိုင်ငံဘက်က ရပ်တည်ပေးလာတဲ့ တရုတ်အစိုးရဟာ မြန်မာအစိုးရကို အစဉ်တစိုက် ထောက်ခံပေးနေမှာ မဟုတ်ဘူးဆိုတာကို ပြသတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားပြလိုက်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုကြနေပါတယ်။

တရုတ်နိုင်ငံမှာ ဇွန်လ ၁၄ ရက်နေ့အထိ နေထိုင်မယ့် ၅ ရက်ကြာ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်၊ NLD ပါတီရဲ့ လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယာသော်တို့ လိုက်ပါသွားကြတယ်လို့ သိရပါတယ်ခင်ဗျာ။

XS
SM
MD
LG