သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ မပြင်နိုင်ရင် ပြဿနာတက်မည်


မြန်မာနိုင်ငံမှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပမယ့်အချိန်မတိုင်မီ လက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင် ပြဿနာတွေ ကြီးထွားလာနိုင်တယ်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။

နိုင်ငံရေးအရ ကန့်သတ်မှုတွေ ရှိနေတဲ့ အခြေခံဥပဒေကို လာမယ့် ၂၀၁၅ ခုနှစ် မတိုင်မီ ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း စင်္ကာပူနိုင်ငံခရီးစဉ် နောက်ဆုံးနေ့အဖြစ် တနင်္လာနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

လက်ရှိပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်ရင် တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အထူးသဖြင့် နောက်တကြိမ် ရွေးကောက်ပွဲ အသစ်တွေ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၅ ခုနှစ် မတိုင်မီ အချိန်မီပြင်ဆင်ဖို့ လိုမယ်လို့လည်း သတိပေးခဲ့တာပါ။ ပျက်ကွက်ခဲ့မယ်ဆိုရင် ဘာတွေ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာတွေကို အခုအချိန်မှာ ပြောဖို့အချိန်မတန်သေးပေမဲ့လည်း တိုင်းပြည်မှာ ပြဿနာတွေ ကြုံရမှာတော့ သေချာတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

“ကျမအနေနဲ့ ယုံကြည်မှု အခိုင်အမာနဲ့ ပြောနိုင်တာကတော့၊ တကယ်လို့သာ အခြေခံဥပဒေကို ၂၀၁၅ ခုနှစ် မတိုင်မီမှာ မပြင်နိုင်ဘူး၊ ပြင်စရာရှိတာတွေကို အချိန်မီ မလုပ်နိုင်ဘူး ဆိုရင်တော့၊ ပြဿနာတွေကတော့ ပိုများလာပါလိမ့်မယ်။”

ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေပြီး၊ အချေအတင်ဖြစ်စရာ အခြေအနေအောက်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်မခံနိုင်တဲ့ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို မပါဝင်ပဲ သပိတ်မှောက်ခဲ့တာပါ။

ဒါပေမဲ့လည်း အခြေခံဥပဒေကို ပြင်ဆင်ဖို့ အပါအဝင် နိုင်ငံရေးမှာ ဦးဆောင်မှုပေးနိုင်ဖို့ ရည်မှန်းချက်နဲ့ လွှတ်တော်နိုင်ငံရေးမှာ နောက်ပိုင်း ပါဝင်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဧပြီလထဲ ကျင်းပတဲ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ်နေရာ ၄၄ နေရာအနက် ၄၃ နေရာမှာ အနိုင်ရခဲ့တာပါ။ ဒါပေမဲ့လည်း အခြေခံဥပဒေက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကို ပေးအပ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆိုရင်လည်း လွှတ်တော်တွင်းမှာ ၇၅ ရာခိုင်နှုန်းကျော်က လက်ခံမှ ဖြစ်နိုင်မယ့်အတွက် စစ်တပ်က ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုရဖို့လည်း လိုအပ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ စစ်တပ်တွင်းမှာ ပြောင်းလဲလိုတဲ့ အင်အားစုတွေ ရှိနေတယ်လို့ ယုံကြည်ထားတဲ့အကြောင်း ပြောပါတယ်။
“တချိန်ကလိုပဲ လူထုက လေးစားမြတ်နိုးပြီး အရည်အချင်း ပြည့်ဝတဲ့ အဖွဲ့အစည်းတခု ဖြစ်လာဖို့ လိုလားတဲ့သူတွေ စစ်တပ်ထဲမှာ ရှိတယ်လို့ ကျမကတော့ ယုံကြည်စိတ်ချ ထားပါတယ်။ မေးခွန်းထုတ်စရာတွေ ကြုံရမယ့် စစ်ဖက်အုပ်ချုပ်ရေးထက် ကျမတို့ တိုင်းပြည်ကို သန့်ရှင်းတဲ့ အရပ်သား အစိုးရတရပ်က အုပ်ချုပ်တာကို သဘောကျကြတဲ့ လူတွေလည်း စစ်တပ်ထဲမှာ အများကြီး ရှိနေမယ်ဆိုတာ သေချာပါတယ်။”

အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ တရပ်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့က ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်အမတ် ၁၀၀ ကျော်နဲ့ ဇူလိုင်လထဲမှာပဲ ဖွဲ့စည်းထားပြီး၊ ပြင်ဆင်သင့်တာတွေကို စိစစ်ဖို့ တာဝန်ပေးအပ် ထားတာပါ။ ဒါပေမဲ့လည်း မကြာသေးခင်တုန်းကပဲ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင် တဦးက ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိခိုက်မှာကို သတိထားဖို့ လိုအပ်မယ်လို့လည်း မှတ်ချက်ပေးထားတာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ဆိုရင်တော့ သမ္မတနဲ့ ဒုသမ္မတ တာဝန်ယူမယ့်သူဟာ ပြည်ပနိုင်ငံ တခုခုရဲ့ သြဇာခံ မဖြစ်စေရ၊ ပြည်ပတိုင်းပြည် တခုခုက နိုင်ငံသားနဲ့ ဆွေမျိုးသားချင်း တော်စပ်သူ မဖြစ်စေရဆိုပြီး သတ်မှတ်ထားတာကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် အစိုးရထိပ်တန်း တာဝန်တွေယူဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ။

“ပထမတချက် ပြောချင်တာကတော့ ကျမအနေနဲ့ သမ္မတအဖြစ် ယှဉ်ပြိုင်လို့ မရပါဘူး။ ဒါကလည်း လက်ရှိ အခြေခံ ဥပဒေအရ သမ္မတကို တိုက်ရိုက်ရွေးချယ် တင်မြှောက်ခွင့် မရှိလို့ပါ။ ကျမအနေနဲ့ ရိုးရိုးစင်းစင်းပဲ ပြောထားတာ ရှိပါတယ်။ ဖြစ်နိုင်ရင် သမ္မတ လုပ်ချင်ပါတယ်။ ဒါကလည်း အတိုက်အခံ ခေါင်းဆောင်တယောက် ဆိုတာထက် သမ္မတ တယောက်က ပိုလုပ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိနေလို့ပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် စင်္ကာပူနိုင်ငံ ၄ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ စင်္ကာပူအစိုးရနဲ့ စီးပွားရေး အသိုင်းအဝိုင်းက ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့တာပါ။

စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ဦးစားပေးတဲ့ စင်္ကာပူနိုင်ငံနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းကြား အပြန်အလှန်ထိတွေ့ ဆက်ဆံမှုတွေကိုလည်း ရှေ့လျှောက် တိုးမြှင့်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းကိုလည်း ခရီးစဉ် နောက်ဆုံးနေ့အဖြစ် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုသွားပါတယ်။
XS
SM
MD
LG