သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေး ဝိုင်းဝန်းမြှင့်တင်ကြဖို့ ဒေါ်စုတိုက်တွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံစဉ် (၁၃ ဧပြီ ၂၀၁၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံစဉ် (၁၃ ဧပြီ ၂၀၁၃)
မြန်မာနိုင်ငံတွင်း ပညာရေးစနစ် ပြန်လည် အားကောင်း ခိုင်မာလာဖို့ ငွေအားရော လူအားပါ ဝိုင်းဝန်းကူညီကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ စဉ်းစားတွေးခေါ်မှုကို အားမပေးတာကြောင့်၊ ပညာရေးစနစ် ကျဆင်းလာရတယ်လို့ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှာ ပြောတဲ့ မနေ့တုန်းက မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။

မနေ့တုန်းက တိုကျိုတက္ကသိုလ်မှာ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့ပွဲ အတွင်း မြန်မာလူမျိုးတွေ မေးမြန်းချက်တွေကို ဖြေကြားရာမှာ အကြောင်းအရာ အတော်များများက ပညာရေးကိစ္စနဲ့ ဆက်နွယ်နေပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေးစနစ် ကျဆင်းနေတာဟာ စဉ်းစားဆင်ခြင်မှုကို အားမပေးတဲ့ စနစ်ကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ပညာရေး သင်ကြားမှုစနစ်ကို အပြစ်တင်ပါတယ်။

“ကျမတို့နိုင်ငံမှာ ပညာရေးစနစ်ဟာ ကျဆင်းနေတာ တော်တော်ကြာပါပြီ။ အကြောင်းတွေကတော့ အများကြီးရှိတာပေါ့။ ဒါပေမဲ့ အားလုံးစုပုံပြီးတော့ အကြောင်းတကြောင်းတည်း ပေးရမယ် ဆိုရင်တော့ ပြည်သူပြည်သားတွေကို လွတ်လွတ်လပ်လပ် မစဉ်းစားစေချင်တဲ့ စနစ်ကြောင့်ဖြစ်တာလု့ိ ဒီလိုပဲ ကျမ ထင်ပါတယ်။ ပညာသင်လိုက်ပြီ၊ ပညာတတ်တယ်ဆိုရင် ကိုယ့်ဟာကိုယ် စဉ်းစားချင်တယ်။ ကိုယ့်ဦးနှောက်ကို ကိုယ် အသုံးချချင်တယ်။ ကိုယ့်အဖြေကိုယ် ရှာချင်တယ်။ ဒီလို ပြည်သူပြည်သားများမှာ ကိုယ့်ဦးနှောက်ကိုယ်သုံးပြီးတော့ ကိုယ့်အမြင်တွေ၊ ကိုယ့်အဖြေကိုယ်ရှာတဲ့ လုပ်နည်းလုပ်ဟန်မျိုးဆိုတာ ဘယ်အာဏာရှင်အစိုးရကမှ မနှစ်သက်ပါဘူး။ အာဏာရှင်အစိုးရများဟာ မိမိတို့ရဲ့ အလိုဆန္ဒအတိုင်းသာ ပြည်သူပြည်သားတွေကို လိုက်ပြီး စဉ်းစားစေချင်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ကျမတို့နိုင်ငံရဲ့ ပညာရေးစနစ် ကျဆင်းရတဲ့ အကြောင်းအရင်း တခုတည်းကို ပြောပါဆိုရင် ကျမတို့ရဲ့ ပြည်သူပြည်သားတွေကို မစဉ်းစားတတ်အောင်လို့ ဦးတည်တဲ့ ပညာရေးစနစ်ကြောင့်လို့ ကျမ ပြောရပါမယ်။”

မြန်မာနိုင်ငံပညာရေးစနစ် ပြင်ဆင်စရာတွေ အများကြီးလိုအပ်နေပြီး၊ အခြေခံပညာရေးနဲ့ ဆရာ ဆရာမတွေ ပျိုးထောင်လေ့ကျင်ရေး အရေးပါမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

တချိန်တုန်းက ဒေသတွင်းမှာ ဂုဏ်သတင်းကျော်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည် မွန်းမံရေးနဲ့ အဆင့်မြင်အောင် ဆောင်ရွက်ဖို့ ရှိနေပြီးတော့၊ ဒီအတွက် ငွေအားရော လူအားပါ ပြည်ပရောက် မြန်မာတွေက ဝိုင်းဝန်းကူညီကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ တိုက်တွန်းသွားပါတယ်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးကော်မတီအနေနဲ့လည်း ဒီမူဝါဒကို အခြေခံပြီး ရပ်တည်ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
“အဓိကအားဖြင့် ကျမတို့ရဲ့ ပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေဟာ စဉ်းစားတတ်အောင်လို့ အတွေးအခေါ် ဖွံ့ဖြိုးအောင်လို့ အဆင့်မြင့် ပညာရနိုင်ဖို့ ဒါကို ကျမတို့ ဒီကို ဦးတည်ဖို့လိုတဲ့အခါမှာ ကျမတို့ သုံးတဲ့ ဗျူဟာတွေကတော့ အခြေအနေအရ၊ အချိန်အခါအရ ပြောင်းသွားရမှာဖြစ်ပါတယ်။ နောက်ဆုံးကျတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စပြီးတော့ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းတခု ထူထောင်ရေးကို ကျမတို့ အဓိကထားခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီအစိုးရတခုတည်းနဲ့တင် မလုံလောက်ပါဘူး။ လူ့အသိုင်းအဝိုင်းကကိုက ဒီမိုကရေစီ စံနှုန်းစံထားတွေကို လက်ခံပြီးတော့ အမြစ်တွယ်အောင်လုပ်မှ ဒီမိုကရေစီစနစ်ဟာလည်း အမြစ်တွယ်မှာ ခိုင်ခံ့မှာဖြစ်ပါတယ်။”

တခြားအခြေအနေတွေကတော့ ပြည်ပမှာ နှစ်ရှည်လများ နေထိုင်ခဲ့တဲ့ မြန်မာလူမျိုးတွေ နိုင်ငံသားဖြစ်ခွင့် ကိစ္စတွေကို မေးမြန်းတာတွေ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သလို၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပိုင်းနဲ့ ပတ်သက်လို့လည်း ကိုယ့်နိုင်ငံတွင်းက ပြင်ဆင်ဆောင်ရွက်စရာတွေ ရှိတယ်ဆိုတာကို ပြောသွားပါတယ်။

“တရားဥပဒေစိုးမိုးရေး မရှိတဲ့နိုင်ငံမှာ ဘယ်လုပ်ငန်းရှင်ကမှ သိပ်ပြီးတော့ လိုလိုလားလားနဲ့ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုပဲ ဥပဒေတွေက ကောင်းကောင်း၊ ဥပဒေတွေရှိတဲ့ စာရွက်ပေါ်မှာတော့ ကောင်းမှာပေါ့။ ဘယ်လိုပဲကောင်းကောင်း တရားဥပဒေစိုးမိုးရေး မရှိလို့ရှိရင် ဘာမှ စိတ်ချနိုင်မှာ မဟုတ်ပါဘူး။ ဘာမှ လုံခြုံမှုမရှိဘူး။ အဲ့လိုဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ ဒီလို တရားဥပဒေ စိုးမိုးရေး မရှိတဲ့နိုင်ငံမှာဆိုရင် ခဏတဖြုတ်လာပြီးတော့ အလွယ် အမြတ်ကလေး ခပ်မြန်မြန်လေး ရအောင်လုပ်ပြီးတော့ ခပ်မြန်မြန်လေး ထွက်သွားမယ့် စီးပွားရေးလုပ်ငန်းရှင်မျိုးပဲ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။ နောက်ဆုံးကျတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲပဲ။ တချို့က ကျမနားလည်သလောက်တော့ အုပ်ချုပ်ရေးဘက်က တချို့ လူကြီးတွေဆိုရင် လာတယ်၊ လာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုပြီး စကားပဲ ပြောပြီး လာပဲကြည့်ပြီးတော့ ရင်းနှီးမြှုပ်နှံတာလည်း မဟုတ်ဘူးဆိုပြီးတော့ မမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အပြစ်ပြောချင်တယ်။ ကိုယ့်ဘက်ကိုယ် ပြန်ကြည့်ရမယ်။ ကိုယ့်နိုင်ငံမှာ ဘာလိုအပ်နေသလဲ။ စီးပွားရေးလုပ်တဲ့သူတွေဆိုတာ အကျိုးအမြတ်ရှိမှ လုပ်မှာပေါ့။”

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံသားတွေရဲ့ တန်းတူညီမျှမှုကို ထိခိုက်စေမယ့် ဥပဒေတွေကို တတ်နိုင်သမျှ ပြင်ရမယ်လို့ ကျိုတိုမှာ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

တိုင်းပြည်အတွင်း ရင်ဆိုင်နေရတဲ့ အလုပ်လက်မဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ရေး အပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကို၊ ဂျပန်အစိုးရ ခေါင်းဆောင်တွေ၊ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားပါတယ်။

ဂျပန်ကို ၆ ရက်ကြာခရီး သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကျိုတိုတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပါတယ်။
XS
SM
MD
LG