သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ နောက်ပြန်လှည့်နိုင်ကြောင်း ဒေါ်စုသတိပေး


မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက်နေပေမဲ့ ခိုင်မာမှုရှိပြီလို့ မဆိုနိုင်သေးတဲ့အကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ပြောလိုက်ပါတယ်။ ဒီမိုကရေစီ အခြေခံတွေ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း တိုကျိုတက္ကသိုလ်မှာ ဒီကနေ့ မိန့်ခွန်း စကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေကစလို့ အပြောင်းအလဲတွေ သိသိသာသာ တွေ့မြင်လာရပေမဲ့ စိတ်ချလက်ချ အခြေအနေမျိုး
ရောက်ပြီလို့ ပြောဖို့ကတော့ စောသေးတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာပါ။

နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံရာက လွတ်မြောက်လာပြီး လွှတ်တော် ကိုယ်စားလှယ် တဦးအဖြစ် ပါဝင်ခွင့်ရလာတဲ့အထိ အပြောင်းအလဲတွေ တွေ့ရပေမဲ့ လည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခြေခံတွေ အခိုင်အမာ တည်ဆောက်နိုင်ပြီလို့ မဆိုနိုင်သေးတဲ့အကြောင်း နာမည်ကျော် တိုကျိုတက္ကသိုလ်မှာ ဒေါ်အောင်ဆန်း စုကြည် က ပြောလိုက်တာ ဖြစ်ပါတယ်။

“ဒီမိုကရေစီ တည်ဆောက်မယ့် လမ်းပေါ်ကိုတော့ ကျမတို့ရောက်နေပါပြီ။ ဒါပေမဲ့လည်း ဒီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်နေပြီလို့ ပြောဖို့ကတော့ သိပ်ကို စောလွန်းပါတယ်။ ဒါကြောင့်လည်း ခိုင်ခိုင်မာမာ ရပ်နိုင်အောင် လုပ်ကြရမှာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်က နောက်ကြောင်း ပြန်လှည့်နိုင်သလားဆိုပြီး လူအတော်တော်များများက ကျမကို မေးကြပါတယ်။ စစ်တပ်က လက်ခံတဲ့ အချိန်ကျရင်တော့ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ပဲ ကျမကတော့ အမြဲတမ်း ပြောပါတယ်။”

လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ တက်ကြွသူတွေ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြု ပြောဆိုတာတွေ ရှိနေပေမဲ့လည်း မကြာသေးခင် လတွေအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာတွေဟာ ဒီမိုကရေစီ တည်ဆောက်မယ်လို့ ကတိပြုထားတဲ့ အစိုးရအတွက် အဓိက ဖြေရှင်းရမယ့် ကိစ္စတွေအဖြစ် ထောက်ပြနေကြတာပါ။ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်း စုကြည် ကတော့ နှစ်ပေါင်းများစွာ မရှိခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုတွေကို အခြေခံ ပြင်ဆင်သွားဖို့ လိုအပ်နေတဲ့အကြောင်း တိုကျိုတက္ကသိုလ် မိန့်ခွန်းမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိခဲ့ပါဘူး။ အာဏာရှင် အစိုးရပဲ ကျမတို့မှာ ရှိခဲ့တာပါ။ တရားဥပဒေ စိုးမိုးရေးမှာ အားနည်းလာတာဟာ မရှိသလောက်အထိပါ။ ဒါကြောင့်လည်း ကျမတို့က ဒါကို ပြန်လည် တည်ဆောက်နိုင်ဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်နေတယ် ဆိုပေမဲ့လည်း လူအများအပြား ထိခိုက်သေဆုံးပြီး၊ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့အထိ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခတွေကို အာဏာပိုင်တွေက ကိုင်တွယ် ဖြေရှင်းတာတွေမှာ အားနည်းတယ်လို့ ဝေဖန်တာတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းရာမှာ အခြေခံကျကျ ပြင်ဆင်ရမယ့် ကိစ္စတွေ အများအပြား ရှိနေတာကို အသိအမှတ်ပြု ပြောဆိုခဲ့တာပါ။

“တရားဥပဒေ စိုးမိုးရေး ဆိုတာက တရားစီရင်ရေးလောက်ပဲ မဟုတ်ပါဘူး။ ဒါက အုပ်ချုပ်ရေးပိုင်းလည်း ပါပါတယ်။ အစိုးရတို့ ရဲတပ်ဖွဲ့တို့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေအတွက် ကျမတို့ ပေးထားတဲ့ သင်တန်းတွေနဲ့လည်း ဆိုင်ပါတယ်။”

သီတင်းတပတ်ကြာ ခရီးစဉ်အဖြစ် ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အင်္ဂါနေ့က ဂျပန်လွှတ်တော်ကို ရောက်ရှိခိုက်မှာတော့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) က မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် ဂျပန်နိုင်ငံက အကူအညီပေးဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောခဲ့တာပါ။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် တွေ့ဆုံခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိယို ကီရှီဒါ (Fumio Kishida) ကလည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အားပေးမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့အတူ ပေါ်ပေါက် လာနိုင်ဖွယ်ရှိတဲ့ စီးပွားရေး အခွင့်အလန်းတွေကိုလည်း ဂျပန်လုပ်ငန်းရှင်တွေ စိတ်ဝင်စားနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်မယ့် အခွင့်အလန်းတွေ ပိုရလာနိုင်ပေမဲ့လည်း လူထုအတွက် အကျိုးရှိမယ့် ကဏ္ဍတွေမှာ လုပ်ကိုင်တာမျိုး ဖြစ်စေချင်တယ်လို့လည်း မှတ်ချက်ပေး ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG