သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွဲပြားတဲ့အုပ်စုအားလုံးကြား သင့်မြတ်ဖို့လိုကြောင်း ဒေါ်စုပြော


ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ မြန်မာမိသားစုတွေ့ဆုံပွဲ။ (စက်တင်ဘာ ၂၂၊ ၂၀၁၃) ဓာတ်ပုံအား ဦးထွန်းဝေဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ မြန်မာမိသားစုတွေ့ဆုံပွဲ။ (စက်တင်ဘာ ၂၂၊ ၂၀၁၃) ဓာတ်ပုံအား ဦးထွန်းဝေဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ မတူညီတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေကြား ပြန်လည်သင့်မြတ်ရေးရဖို့ဖြစ်တယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ စင်္ကာပူ စီမံခန့်ခွဲမှုတက္ကသိုလ် SMU မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုပြောဆိုခဲ့တာပါ။ ဒီ့မတိုင်ခင် စင်္ကာပူရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန်မှာလည်း ပြည်ပရောက် မြန်မာတွေအနေနဲ့ နိုင်ငံတကာက လေးစား တန်ဖိုးထားအောင် ကိုယ်တိုင်လုပ်ယူရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ထားရှိကြဖို့ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ စင်္ကာပူနိုင်ငံခရီးစဉ် တတိယမြောက်နေ့ ဖြစ်တဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ စင်္ကာပူစီမံခန့်ခွဲမှုတက္ကသိုလ်ကို သွားရောက်ခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရှေ့ကို တက်လှမ်း နိုင်ဖို့ဆိုရင် စစ်တပ်နဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကြား ပြန်လည်သင့်မြတ်မှု ရရှိဖို့ လိုအပ်တယ်ဆိုပြီး “Mindset in Leadership” ခေါင်းစဉ်နဲ့ ဆွေးနွေးခန်းမှာ သူက ပြောဆိုသွားခဲ့တာပါ။ ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့ဆိုတာ NLD ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်လို့ အခုလို ပြောကြားသွားခဲ့ပါတယ်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ ပြောလို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေကြားမှာ သင့်မြတ်ရေး ရရှိဖို့ သက်သက်ပဲလို့ ပြောနေတာ မဟုတ်ပါဘူး။ လူတော်တော်များများက အဲ့ဒီလို ထင်နေကြပုံရပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာက စစ်အစိုးရနဲ့ ဒီမိုကရေစီ လိုလားသူတွေကြား ပြန်လည် သင့်မြတ်ဖို့ကို ဆိုလိုပါတယ်။ မတူညီတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေကြား၊ မတူညီတဲ့ ခေါင်းဆောင်တွေကြားမှာ ပြန်လည် သင့်မြတ်ရေးရဖို့ကို ပြောတာဖြစ်ပါတယ်။ အမြင်ကွဲနေကြတဲ့ ခေါင်းဆောင်တွေကြားမှာ နိုင်ငံအတွက် အတူတွဲပြီး အလုပ်လုပ်နိုင်ဖို့ အကောင်းဆုံးက အတူဝိုင်းထိုင် တွေ့ဆုံ ဆွေးနွေးကြတာလို့ ကျွန်မထင်ပါတယ်။”

ဒီ့မတိုင်ခင် တနင်္ဂနွေနေ့ မနက်ပိုင်းက စင်္ကာပူရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက် မြန်မာတွေအနေနဲ့ နိုင်ငံတကာက လေးစား တန်ဖိုးထားအောင် ကိုယ်ကိုယ်တိုင် လုပ်ယူရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ထားရှိကြဖို့ကိုလည်း သူက တိုက်တွန်းသွားပါတယ်။

“အခုနောက်ပိုင်းမှာ ကျမ ခရီးသွားတဲ့အခါမှာ တချို့နိုင်ငံတွေမှာ ဆိုလို့ရှိရင် ကျမတို့နိုင်ငံက အထူးသဖြင့်ပေါ့နော်၊ အလုပ်လုပ်ဖို့ လာတဲ့ပုဂ္ဂိုလ်တွေက ပြောတာဆိုတာ ဗမာဆိုရင်နှိမ်ချင်တယ်၊ အထင်သေးချင်တယ်ဆိုပြီးတော့ အဲလိုပြောတာတွေ ကျမ ကြားရတယ်၊ အဲလိုကြားရတဲ့အခါကျတော့ ကျမ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့လည်း ဒီဟာက မပြုပြင်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ကမ္ဘာကြီးဆိုတာ တချိန်လုံးပဲ ပြောင်းလဲနေတာပဲ။

တန်ဖိုးနှုန်းထားတွေဆိုတာလည်း တချိန်လုံးပဲ ပြောင်းလဲနေတာပဲ၊ ကိုယ့်ကို တန်ဖိုးထားအောင်ဆိုတာ ကိုယ်ကိုယ်တိုင်ကလည်း လုပ်ယူရမယ်။ ကိုယ့်နိုင်ငံကိုချည့်ပဲ အပြစ်ဖို့လို့ မရဘူး။ ငါတို့နိုင်ငံက မျက်နှာငယ်လို့ ငါတို့ မျက်နှာငယ်တယ်လို့စိတ် ထားမဲ့အစား ငါတို့နိုင်ငံ မျက်နှာမငယ်အောင်လို့ ငါတို့လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေတော့ မွေးမြူဖို့ လိုပါတယ်။”

ဒါ့အပြင် ဘဝအာမခံချက်ရှိဖို့နဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတာ ဒီမိုကရေစီစနစ်အတွက် အင်မတန် လိုအပ်တယ်။ ဒီလို အခြေအနေမျိုး ဖြစ်လာဖို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ရမယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

“ကျမတို့ ၂၀-၃၀ ပေါ့နော်၊ ဒီမိုကရေစီရအောင်လို့ လှုပ်ရှားခဲ့တယ်ဆိုတဲ့ အစုအဖွဲ့တွေရဲ့ဦးတည်ချက်က ဒါပါပဲ။ ကျမတို့ရဲ့ တိုင်းသူပြည်သားတွေကို အခြေခံ ဘဝအာမခံချက်ပေးချင်တယ်။ အခြေခံ ဘဝအာမခံချက်ဆိုတာ ဘာလဲဆိုတော့ တရားတဲ့ဥပဒေတွေရဲ့အောက်မှာ အေးအေးချမ်းချမ်း၊ လုံလုံခြုံခြုံ နေနိုင်ပိုင်ခွင့်၊ နောက် စောစောကပြောသလို ကိုယ့်ဘဝမှာ ရသင့်ရထိုက်တဲ့ရွေးချယ်မှုတွေ ရပိုင်ခွင့်၊ အဲဒီအာမခံချက်တွေ ဆိုတာဟာ နိုင်ငံရေးစနစ်၊ အစိုးရစနစ်က ပြည်သူပြည်သားတွေကို ပေးရမှာဖြစ်တယ်။ အာမခံပေးရမှာဖြစ်တယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ဆိုတာ အားလုံးက ဝိုင်းပြီးတော့ လုပ်ဖို့လိုတယ်။ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုတည်းကလည်း လုပ်လို့မရဘူး။

ပုဂ္ဂိုလ်တစ်ယောက်တည်းကတော့ ဝေးသေးပါတယ်။ အဲဒီတော့ အားလုံးက ဝိုင်းပြီးတော့ လုပ်ဖို့လိုတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်တတ်နိုင်သမျှ လုပ်ပေးဖို့လိုတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုစစ်စစ် နိုင်ငံကြီး ဖြစ်ပေါ်လာဖို့၊ ဒီလို ဖြစ်ပေါ်လာဖို့ကလည်း စစ်အစိုးရလက်ထက်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှသာ ရလိမ့်မယ် ဆိုတာနဲ့ ပြည်ပရောက် မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုတွေမှာ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးဖို့၊ ပြီးတော့ နိုင်ငံတကာမှာရှိတဲ့ ပညာရေးစနစ်မျိုး မြန်မာပြည်မှာ ရှိလာဖို့တွေကို အဓိကထား ပြောကြားသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲ့ဒီမိန့်ခွန်းအပြီး တက်ရောက်လာသူတွေထဲက ဒေါ်အောင်ဆန်း စုကြည်ကို အဓိက မေးခဲ့ကြတဲ့ မေးခွန်းနဲ့ပတ်သက်လို့တော့ ဒီအခမ်းအနားကို တက်ရောက်ခဲ့သူ ကိုစိုင်းသီဟက -

“အဓိက မြန်မာတွေ အများဆုံး စိတ်ဝင်စားတဲ့ မေးခွန်းက တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့ အတွက် ဘာလုပ်ပေးနိုင်မလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ common အနေနဲ့ ပြန်ဖြေတယ်။ သူလိုချင်တဲ့သဘောကတော့ သူ သမ္မတဖြစ်စေ၊ မဖြစ်စေ ကိုယ့်နိုင်ငံကိုယ် ပြန်ပြီးတော့ ထောက်ပံ့ဖို့က အဓိကပါပဲ။”
ဧည့်ပရိတ်သတ် ၅၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားကို စန်တိုဇာ Convention Centre မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အစောပိုင်းမှာတော့ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပတ္တိ အပါအဝင် တိုင်းရင်းသားအကတွေနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပထမဆုံးအကြိမ် စင်္ကာပူနိုင်ငံ ခရီးစဉ်ကို သောကြာနေ့က စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေ့မှာပဲ စင်္ကာပူ ဒုနိုင်ငံခြားရေးဝန်ကြီး Grace Fu နဲ့ တွေ့ဆုံခဲ့သလို၊ စနေနေ့ကတော့ စင်္ကာပူထိပ်သီးညီလာခံမှာ “မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှု” နဲ့ပတ်သက်လို့ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ မနက်ဖြန် တနင်္လာနေ့ကျရင်တော့ စင်္ကာပူ လွှတ်တော်ကို သွားရောက်ပြီး လွှတ်တော် ဥက္ကဌ ဟာလီမာ ယာကော့ (Haliamah Yacob) နဲ့တွေ့ဆုံဖို့ရှိသလို၊ စင်္ကာပူသမ္မတ ဒေါက်တာ တိုနီ တန် ခန် ယမ်း (Tony Tan Keng Yam)၊ ပြီးတော့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း တို့အပါအဝင် စင်္ကာပူ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဂိုခြောက်ထောင်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၄ ရက်ကြာ စင်္ကာပူနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG