သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးအကြောင်း ကုလမှာ ဒေါ်အောင်ဆန်းစု ကြည် ဆွေးနွေးမည်


ဖို့ဝိန်းရောက် မြန်မာလူထုနဲ့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာလ ၂၅၊ ၂၀၁၂။)
ဖို့ဝိန်းရောက် မြန်မာလူထုနဲ့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာလ ၂၅၊ ၂၀၁၂။)
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေခိုက် ခရီးစဉ်တလျှောက်လုံးမှာ မြန်မာနိုင်ငံရဲ့ပညာရေးစံနစ် တိုးတက်အောင် ဆောင်ရွက်ဖို့ပြောနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဒေသံစံတော်ချိန် မွန်းလွဲပိုင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကနေ ကမကထပြုပြီး ကျင်းပ မယ့် Education First ပညာရေးသာ ပထမ ဆိုတဲ့ အစည်းအဝေးပွဲမှာ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဆင့်အတန်းမြင့်မားပြီး ကမ္ဘာ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ပညာရေးစံနစ် ပေါ်ထွန်းဖို့ အတွက် နိုင်ငံ့ခေါင်းဆောင်တွေ၊ မူဝါဒ ချမှတ်သူတွေ၊ စီးပွားရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေလည်း ဒီဆွေးနွေးပွဲမှာ ပါဝင်ကြမှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ မအေးသန္တာကျော်က ဆက်ပြီး ပြောပြပေးပါရှင်။

Education First ပညာရေးသာ ပထမဆိုတဲ့ ကုလသမဂ္ဂမအတွင်းရေးမှူးချုပ်ရဲ့ Global Initiative for Education - ကမ္ဘာလုံးဆိုင်ရာ ပညာရေးအစပျိုးဆောင်ရွက်မှုကို ဒီကနေ့- စက်တင်ဘာလ ၂၆ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ စတင်မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ၆၇ ကြိမ် မြောက် အထွေထွေညီလာခံကျင်းပနေတဲ့ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်က စီးပွားရေးနဲ့ လူမှုရေး ကောင်စီ ခန်းမမှာ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး ဒီကိစ္စကို ဆွေးနွေးမှာပါ။

အခုလိုမျိုး သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေး အစပျိုးဆောင်ရွက်မှုမှာ ဒေါ်အောင်ဆန်းစုကြည် ပါ ဝင် နိုင်မယ့်အတွက် အထူး ဝမ်းမြောက်မိပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ မွန်းက ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။

“စက်တင်ဘာ ၂၆ ရက်နေ့မှာ စတင်မယ့် ကမ္ဘာလုံးဆိုင်ရာ ပညာရေးသာ ပထမ- အစပျိုး ဆောင် ရွက်မှုမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တာကို ကျနော်တို့ အထူး ကျေးဇူးတင်ပါတယ်။ ကုလသမဂ္ဂ နဲ့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တယောက်အဖြစ်နဲ့ သူကိုယ်တိုင်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်အတော်များများကို ကျနော်တို့ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေ စီ ပေါ်ထွန်းရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောဖြစ်ခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပါဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ပြည်ထောင်စု ခရီးစဉ် တလျှောက်လုံး အခန်းအနားတွေမှာ မြန်မာနိုင်ငံက ပညာရေးနဲ့ပတ်သက်လို့ ထည့်သွင်းပြောကြားနေ တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရောက် လာခဲ့ပြီး နောက်တနေ့မှာပဲ ဗွီအိုအေ အမေရိကန်အသံ ဌာနချုပ်ကို ရောက်တာတော့ အမေရိကန် နိုင် ငံခြားရေးဝန်ကြီး ဌာနဆိုင်ရာ ဗွီအိုအေသတင်းထောက် Scott Sterns နဲ့ ရုပ်/သံမေးမြန်းခန်း မှာလည်း မြန်မာလူငယ်တွေအတွက် လက်တွေ့ကျတဲ့ ပညာရေးစံနစ် ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေလည်း ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ပြောသွားခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့ပညာရေးအဆင့်ကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ မူလတန်း ပညာရေးကိုပဲ ပြောတာ မဟုတ်ပါဘူး။ အလယ်တန်းရော တက္ကသိုလ်အဆင့် ပညာရေးကိုပါ ပြောတာပါ။ ကျမတို့နိုင်ငံက ပညာရေးစံနစ်က တော်တော် ညံ့ဖျင်းနေတာပါ။ ဒီနေရာမှာ မူလတန်းပညာရေးလို့ ပြောမယ် ဆိုရင်လည်း ကလေးမီးမဖွားခင်မှာကတည်းက ကိုယ်ဝန်ဆောင်မိခင်က အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးပြီးတော့ ကလေးရဲ့ဖွံ့ဖြိုးမှု အဆင့်ဆင့်အတွက် ဂရုစိုက်ရမှာပါ။

ဒါပေမဲ့ လောလောဆယ်တော့ အသက်မွေးဝမ်းကျောင်းမှု ပညာရေးအပိုင်းကို အလေးထား ပြောချင် ပါတယ်။ ကျမတို့ နိုင်ငံမှာ ညံ့ဖျင်းတဲ့ပညာရေးစံနစ်ကြောင့် ထိခိုက်နေရတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းမှု ပညာရေးက အထူးလိုအပ်နေတာပါ။”

ဒီကနေ့ ကျင်းပမယ့် Education First ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သူ့ရဲ့ အစပျိုး ဆောင်ရွက်မှုနဲ့ပတ်သက်လို့ အသေးစိတ် ပြောပြမယ့်အပြင် အခမ်းအနား တက်ရောက်လာကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေက ကမ္ဘာပေါ်မှာ အဆင့်အတန်းမြင့်ပြီးတော့ ကမ္ဘာ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့်၊ လူတိုင်းပါဝင်ခွင့်ရမယ့် ပညာရေးစံနစ် ပေါ်ထွန်းဖို့ ဝိုင်းဝန်းပြီး ဆွေးနွေးကြမှာပါ။

ကမ္ဘာ့လူထုအပေါ်မှာ သြဇာ လွှမ်းမိုးထားနိုင်သူ တချို့ကလည်း ဒီ ပညာရေးသာပထမ အစပျိုးဆောင် ရွက်မှုနဲ့ ပတ်သက်လို့ ဦးစားပေး အချက် သုံးချက်ကို ပြောပြပါလိမ့်မယ်။

တစ်-အချက်က ကလေးတိုင်း ကျောင်းတက်ခွင့်ရရှိဖို့၊ ဒုတိယအချက်က ပညာရေးဆိုင်ရာ အရည် အသွေး မြှင့်တင်ဖို့နဲ့ နောက်ဆုံးတချက်က ကမ္ဘာ့လူသားတိုင်း အရည်အချင်းပြည့်မီဖို့ ဖြစ် ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံ အတော်များများက အစိုးရတွေဟာ သူတို့နိုင်ငံသား ကလေး သန်းပေါင်း များစွာကို ပညာတတ်မြောက်အောင် ဆောင်ရွက်မပေးနိုင်တာကြောင့် ကုလသမဂ္ဂက ချမှတ်ထားတဲ့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာပေါ်က ကလေးတိုင်း မူလတန်းအဆင့် ပညာ တတ်မြောက်ရေး ရည်မှန်း ချက် ပြည့်ဝမှာ မဟုတ်တာ သေချာပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ရည်မှန်းချက် ပြည့်မီဖို့ ကုလသမဂ္ဂက အခု လိုမျိုး အစပျိုး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ နယူးယောက်မြို့က ကမ္ဘာလုံးဆိုင်ရာ ပညာရေးမြှင့်တင်မှုဆွေးနွေးပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပြင် ကာတာနိုင်ငံ အကြီး အကဲ စော်ဘွားကတော်၊ ဂျော်ဒန်မိဖုရားနဲ့၊ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန် ဘရောင်းတို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
XS
SM
MD
LG