သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော်မှာ ဂုဏ်ပြုဆုလက်ခံ


ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကွန်ဂရက်စ်က အရပ်သားတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို လက်ခံရယူနေစဉ်။
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကွန်ဂရက်စ်က အရပ်သားတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို လက်ခံရယူနေစဉ်။

အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က အရပ်သားတွေကို ပေးအပ်တဲ့ ဆုတွေထဲမှာ အမြင့်ဆုံး Congressional Gold Medal ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က အရပ်သားတွေကို ဂုဏ်ပြုပေး အပ်တဲ့ ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Congressional Gold Medal ဆုကို ဗုဒ္ဓဟူးနေ့တုန်းက လက်ခံရယူခဲ့ပါတယ်။ Capitol Hill လွှတ်တော် အဆောက်အအုံမှာလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနား ကို အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းလွှတ်တော်အမတ်တွေအပြင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် သမ္မတဟောင်းကတော် လော်ရာဘုရှ်တို့ကလည်း တက်ရောက်ပြီးတော့ ချီးကျူးဂုဏ်ပြုစကားတွေကို ပြောခဲ့ကြပါတယ်။ ဒီ ကွန်ဂရက်စ် လွှတ်တော် အကြောင်း အပြည့်အစုံကိုတော့ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးလုပ်ငန်းစဉ်တွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင် တဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကြောင့်ဆိုပြီး အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ချီးကျူး ပြောဆိုသွားပါတယ်။

တချိန်တည်းမှာ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေ အခက်အခဲတွေ အများကြီး ရှိနေသေး တယ်လို့လည်း သူက ဆိုပါတယ်။

ကွန်ဂရက်စ်လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုပေးပွဲအခမ်းအနားမှာ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်၊ အောက်လွှတ်တော်သဘာပတိ John Bohner၊ ရီပတ်ဗလစ်ကန် ဆီးနိတ် လွှတ်တော် အမတ် John McCain၊ ဒီမိုကရက် အထက်လွှတ်တော်အမတ် Dinne Feinstein၊ သမ္မတကတော်ဟောင်း Laura Bush နဲ့ ဒီဆုကို ချီးမြှင့်ဖို့ အဆိုပြုခဲ့တဲ့ ရီပတ်ဗလစ် ကန် ခေါင်းဆောင် အထက်လွှတ်တော် Mitch McConnell တို့ ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ စဉ်မြင့်ပေါ်မှာ ရှိခဲ့ပါတယ်။

မြန်မာ့အရေးကို အမေရိကန်ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ပါတီကြီးနှစ်ခုလုံး က ခေါင်းဆောင်တွေ ထောက်ခံတယ် ဆိုတာ ပြသလိုက်တဲ့ အခမ်းအနားလည်း ဖြစ်နေပါတယ်။
ဒီအခမ်းအနားမှာ မြန်မာအစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ အမေရိကန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေတို့လည်း တက်ရောက်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် က မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားရင်ကြားစေ့ရေး အနာဂတ်အတွက် အထူးတလည် အားတက်မိကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်ကလည်း ဒါကို ကြိုဆိုခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်က အခမ်းအနား တက်ရောက်လာတဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ မြန်မာသံအမတ်ကြီးတို့ကို ကြိုဆို တဲ့အကြောင်း ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့ လွှတ်တော်ခေါင်းဆောင် တယောက်အဖြစ်နဲ့သာမကပဲ အခုလို အမေရိကန်ပြည် ထောင်စု ဒီမိုကရေစီရဲ့ ဗဟို လွှတ်တော်အဆောက်အအုံကြီးရဲ့ ပေါင်းမိုး ခမ်းမဆောင်မှာ ဒီလို အခမ်းအနား တက်ရောက်လာနိုင်တာကို သူ့အနေနဲ့ မယုံနိုင်လောက်အောင် ဝမ်းသာမိတဲ့အကြောင်း ဟီလာရီကလင်တန်က ပြောဆိုသွားပါတယ်။

ကွန်ဂရက်စ်လွှတ်တော်က ချီးမြှင့်တဲ့ဆုကိုတော့ အောက်လွှတ်တော် သဘာပတိ John Bohner ကိုယ်တိုင် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့အရေးကို တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တဲ့ နယူးယောက်မြို့နယ်က ဒီမိုက ရက် အောက်လွှတ်တော်အမတ် Joseph Crowley က လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ထွန်းမှုတွေ အများကြီးတွေ့ရတဲ့အကြောင်း၊ ဒီလို အပြောင်းအလဲတွေပေါ် လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့သူတွေကို ချီးကျူးရမှာဖြစ်ပြီး အဲဒီအထဲမှာ လက်ရှိ အစိုးရ ခေါင်းဆောင်တွေကိုလည်း ထည့်သွင်းရမှာဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံသားတွေပေးဆပ်အနစ်နာခံခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေ မပြီးပြတ်သေးတာမို့လို့ လည်း ရှေ့ဆက်မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုမယ် ဆိုပြီး အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီက ပြောပါတယ်။

အရီဇိုးနားပြည်နယ်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာပြည်သူတွေအတွက် ဂုဏ်သိ က္ခာ၊ တရားမျှတမှုနဲ့ မျှော်လင့်ချက်တွေပေးနိုင်ဖို့ အနစ်နာခံစွန့်လွှတ်ခဲ့တဲ့ စံနမူနာထားရမယ့် သူ့ရဲ့ သူရဲကောင်း တစ်ယောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

သမ္မတဟောင်းကတော် လော်ရာဘွတ်ရှ်ကတော့ - ဒီနေ့ဟာ မြန်မာပြည်ရဲ့မိခင်လို့ ပြောရမယ့် အမျိုးသမီးတစ်ယောက် ကို ဂုဏ်ပြုတဲ့နေ့ပါ ဆိုပြီး အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေ ရှေ့ဆက်လုပ်ကိုင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ၊ အမြော်အမြင် နဲ့ ဦးဆောင်မှုတွေ လိုအပ်တဲ့အကြောင်းကိုလည်း သမ္မတဟောင်း ကတော် လောရာဘွတ်ရှ်က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆုပေးပွဲမှာ အခုလို မိန့်ခွန်းပြောဆိုသွားပါတယ်။

“ ဒီနေ့ ကျမကို ဂုဏ်ပြုချီးမြှင့်လိုက်တဲ့ဆုဟာ ကျမတို့ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်မှန်းမှုတွေကို အမေရိကန်ပြည် ထောင်စု လွှတ်တော်က ထာဝရရှေ့တန်းကနေပြီးတော့ မားမားမတ်မတ် ထောက် ခံသွားမယ်ဆိုတာကို ပြသလိုက်တာပါပဲ ။ အဲဒီတော့ အမေရိကန်ပြည်သူတွေနဲ့ အတူ ကွန်ဂရက် လွှတ်တော်ရဲ့ ကိုယ်စားလှယ်တော်ကြီးတွေအားလုံးကို ကျမအသည်းနှလုံး ထဲက နှစ်နှစ် ကာကာ ကျေးဇူးတင်ကြောင်းပြောပါရစေ။ လွတ်လပ်မှုနဲ့ မျှတမှုဆိုတာကို လက်လှမ်းမမှီ ခဲ့တဲ့ ကျမတို့ဘ၀ အမှောင်ကျနေတဲ့ နှစ်ကာလတွေမှာ ကျမတို့အတွက် မေတ္တာထား ဆောင်ရွက်ပေး ခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။

“ကျမတို့နိုင်ငံကို ငြိမ်းချမ်းသာယာဝပြောပြီး အခြေခံလူ့အခွင့်အရေးစောင့်ရှောက်နိုင်မယ့် တရား ဥပဒေ စိုးမိုးမယ့် နိုင်ငံတော်တခုဖြစ်စေရေး ထူထောင်သွားကြမယ့် ကျမတို့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ တစိုက်မတ်မတ်ကူညီသွားကြမယ့် မိတ်ဆွေရင်းချာတွေကြားမှာ ကျမ အခုရောက်နေတာပါ။

“ကျမတို့ရဲ့ ဒီနိုင်ငံတော် ထူထောင်ရေးလုပ်ငန်းစဉ်တွေဟာ သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်လာတာပါ။ သမ္မတကြီးနဲ့ အတူ အခု သက်တမ်းနုနယ်သေးပေမယ့် အလျှင်အမြန် ရင့်ကျက်လာကြပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် ၊ ဒါ့အပြင် ဒီမိုကရေစီတန်ဖိုးတွေကို တစိုက်မတ်မတ်တန်ဖိုးထားကြတဲ့ လူထုကြီးတရပ်လုံးဟာ ကျမတို့ လိုလားသလို ခေတ်သစ်ကမ္ဘာကြီးထဲမှာ ကျမတို့နိုင်ငံတော်ကို နေရာမှန်ရစေဖို့အတွက် အင်အားအပြည်နဲ့ ရှေ့တိုးဆောင်ရွက်သွားစေနိုင်မှာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာတော့ သမ္မတအိမ်ဖြူတော်ကိုသွားပြီး သမ္မတအိုဘားမား နဲ့တွေ့ဆုံပါတယ်။ ဒါပေမဲ့လည်း တွေ့ဆုံပွဲနဲ့ပတ်သက်လို့တော့ သတင်းဌာနတွေကို ပြော ဆိုခြင်းတော့မရှိပါဘူး။ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဂျေးကာနီကတော့ တရားမျှတပြီး ပွင့်လင်းမှုရှိတဲ့ ဒီမိုကရေစီအစိုးရပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာပြည်သူတွေ ရဲ့ လှုပ်ရှားမှုအပေါ် အမေရိကန်ပြည်ထောင်စုက ကာလရှည်ကြာထောက်ခံလာမှုတွေကို ထပ်မံ အတည်ပြုနိုင်မယ့် အခွင့်အရေးတစ်ရပ်ဖြစ်တယ်ဆိုပြီး ပြောဆိုထားပါတယ်ခင်ဗျာ။
XS
SM
MD
LG