သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကိုဒုံးလက်နက် မပို့ဖို့ ကန် နဲ့ ဂျာမနီ ရုရှားကိုတိုက်တွန်း


ဆီးရီးယားအစိုးရနဲ့ အတိုက်အခံအဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားစဉ်။ (မေလ ၁၃ ရက်၊ ၂၀၁၃)။
ဆီးရီးယားအစိုးရနဲ့ အတိုက်အခံအဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားစဉ်။ (မေလ ၁၃ ရက်၊ ၂၀၁၃)။
ဆီးရီးယားအာဏာရှင်သမ္မတ Bashar al- Assad ကို ခေတ်မီ လေယာဉ်ဖျက် ဒုံးလက်နက်တွေမပေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ဂျာမဏီ နိုင်ငံတွေက ရုရှားအစိုးရကို တိုက်တွန်းနေပါတယ်။

ရုရှားအစိုးရက ဆီးရီးယားကို လက်နက်တွေ ထောက်ပံ့ပေးမယ်ဆိုရင် ဆီးရီးယား ပြည်တွင်းစစ်ဖြစ်နေတာ အချိန်ပိုကြာ သွားနိုင်တယ်လို့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးပွဲအပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) နဲ့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဂွီဒို ဗက်စတာဗဲလ်လာ (Guido Westerwelle) တို့က ပြောကြားလိုက်ပါတယ်။

ရုရှားက လေကြောင်းရန်ကာကွယ်ရေး စနစ် S 300 ကို ဆီးရီးယားကို လွှဲပြောင်းပေးမယ်ဆိုရင် အစ္စရေးနိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့လည်း ဝန်ကြီး ကယ်ရီကပြောပါတယ်။ အဲဒီ ဒေသတွင်း ငြိမ်းချမ်းရေးရဖို့ ဝိုင်းဝန်း ကြိုးစားနေချိန်မှာ အီရန်နဲ့ ဟက်ဇ်ဘိုလာ (Hezbollah) စစ်သွေးကြွတွေဆီက လက်နက်တွေ ရနေတဲ့ ဆီးရီးယားအတွက် ရုရှားက အဆင့်မြင့်လက်နက်စနစ် တပ်ဆင်ပေးတာဟာ အကျိုးမရှိဘူးလို့လည်း ပြောပါတယ်။

ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ကလည်း အာဏာရှင်အာဆတ်အစိုးရကို လက်နက်တပ်ဆင်ပေးတာဟာ လုံးဝမှားတယ်လို့ ဆိုပါတယ်။ ရုရှားက အခုလို လက်နက်တွေ ပေးတာဟာ ရှေ့လထဲ ဂျနီဗာမှာကျင်းပဖို့ စီစဉ်ထားတဲ့ ဆီးရီးယားငြိမ်းချမ်းရေး နိုင်ငံတကာဆွေးနွေးပွဲမှာ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေ ပါဝင်လာအောင် လုပ်ဆောင်နေတာအတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံပြည်တွင်းစစ်ပွဲမှာ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှု မရှိအောင်ကာကွယ်ဖို့ လေယာဉ်ဖျက် ဒုံးလက်နက်တွေ ဆီးရီးယားကို ဆက်ပို့ပေးမယ်လို့ ရုရှားက ကတိပြုထားပါတယ်။ ဒါပေမဲ့ သောကြာနေ့ ရုရှားသတင်းဌာန Interfax ကသတင်းတပုဒ်မှာတော့ ဆီးရီးယား ကို လေကြောင်းရန်ကာကွယ်ရေး စနစ်အတွက် ပစ္စည်းတွေ တင်ပို့မှုဟာ လပေါင်းများစွာ နှောင့်နှေးသွားနိုင်ပြီး စက်တင်ဘာလထက် မစောနိုင်ဘူးလို့ လက်နက်ထုတ်တဲ့ စက်မှုသတင်းရပ်ကွက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
XS
SM
MD
LG