သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒမတ်စကတ်မြို့တွင်း ဆီးရီးယားစစ်တပ်က ရဟတ်ယာဉ်သုံးတိုက်ခိုက်

ဆီးရီယားနိုင်ငံ ဒမတ်စကတ်မြို့တော်မှာ အစိုးရ လုံခြုံရေးတပ်ကနေ သူပုန်တွေကို ရဟတ်ယာဉ်တွေ တင့်ကားတွေ သုံးပြီး တိုက်ခိုက်နေတယ်လို့ ဆီးရီယား တတ်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မြောက်ပိုင်းက Aleppo မြို့မှာတော့ အစိုးရတပ်တွေကို သူပုန်တွေက ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒမတ်စကဒ်မြို့ရဲ့ဆင်ခြေဖုံး Barzeh နဲ့ Mazzeh ရပ်ကွက်တွေမှာ အစိုးရတပ်တွေဟာ သူပုန်တွေကို စက်သေနက်တင်ထားတဲ့ ရဟတ်ယာဉ်တွေ၊ တင့်ကားတွေနဲ့ မောင်းထုတ် စစ်ဆင်နေတယ်လို့ တတ်ကြွလှုပ်ရှားသူတွေက ပြောတာပါ။ ရဟတ်ယာဉ်တွေ ဖျက်ဆီးခံရတယ် ဆိုတဲ့ သတင်းတွေကို ဆီးရီယား အစိုးရပိုင် သတင်းဌာနက ငြင်းဆန်ပါတယ်။ မြို့တော် ဒမတ်စကတ်မှာ အခြေအနေတွေဟာ ပုံမှန်အတိုင်းရှိနေပြီး၊ လုံခြုံရေး တပ်ဖွဲ့တွေဟာ လမ်းပေါ်မှာ ကျန်နေတဲ့ သူတို့အခေါ် အကြမ်းဖက် သမားတွေကို ခြေရာခံ လိုက်လံ နှိမ်နင်းနေတယ်လို့ အစိုးရသတင်းက ကြေညာပါတယ်။

အင်တာနက် ဗွီဒီယိုတခုမှာတော့ သူပုန်စစ်ဘက် ခေါင်းဆောင်တဦးက ကုန်သွယ်ရေး အချက်အချာမြို့ဖြစ်တဲ့ Aleppo ကို စတင် စစ်ဆင် တိုက်ခိုက်နေပြီလို့ ကြေညာသွားပါတယ်။ Salaheddine နဲ့ Sakhour အပါအဝင် မြို့နယ်အတော်များများ လမ်းတွေပေါ်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လက်ဘနွမ် မြောက်ပိုင်းမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်ကတော့ တနင်္ဂနွေနေ့ နေလယ်ပိုင်းတုန်းက ဆီးရီယားဘက်ခြမ်း နယ်စပ်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီ ပေါက်ကွဲသံတွေကို ကြည့်ရင် နယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်ပဲဝေးတဲ့ Homs ပြည်နယ်မှာ အစိုးရနဲ့ သူပုန်တပ်တွေ အကြီးအကျယ် တိုက်ပွဲဖြစ်နေတဲ့ပုံပဲလို့ Wadi Khaled မှာရှိတဲ့ လက်ဘနွမ် ဒေသခံတွေက ဗွီအိုအေ သတင်းထောက်ကို ပြောပါတယ်။
This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG