သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို အရေးယူဖို့နည်းလမ်းများ အမေရိကန်စဉ်းစားနေ


အမေရိကန်သမ္မတ အိုဘားမား။
အမေရိကန်သမ္မတ အိုဘားမား။
ဓာတုလက်နက်တွေ အသုံးပြုနေတယ်လို့ ဆိုတဲ့ ဆီးရီးယားအစိုးရအပေါ် အရေးယူဖို့ ဆုံးဖြတ်ခဲ့ရင် ရွေးချယ်ဆောင်ရွက်ဖို့ နည်းလမ်းတွေ တော်တော် များများ အမေရိကန်ပြည်ထောင်စုမှာ ရှိတယ်လို့ အိမ်ဖြူတော်က ပြောကြား လိုက်ပါတယ်။ Damascus မြို့တော် ရပ်ကွက်တခုအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေနဲ့ သုံးစွဲတိုက်ခိုက်တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဘရက်အိုဘားမား က အမျိုးသားလုံခြုံရေးရာ သူ့ရဲ့ ထိပ်တန်းအကြံပေးတွေ နဲ့ တွေ့ဆုံခဲ့တာနဲ့အတူ ခုလို အိမ်ဖြူတော်ရဲ့ ပြောကြားချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။

ဆီးရီးယားမှာ အမေရိကန်တပ်တွေကို သူ့အနေနဲ့ ဝန်လေးတဲ့အကြောင်း သမ္မတအိုဘားမားက အရင်က ပြောကြားခဲ့တာပါ။ ဒါပေမဲ့ စစ်ရေးအရ တုံ့ပြန်ဖို့ ဆုံးဖြတ်ချက် တစုံတရာချခဲ့ရင် အသင့်ဖြစ်နေအောင် ရေတပ်တွေ ပြင်ဆင် ထားတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်တွေက ခိုင်ခိုင်မာမာ ရည်ညွှန်းနေပါတယ်။

ဆီးရီးယားအစိုးရအပေါ် စစ်ရေးအရတိုက်ခိုက်မယ်ဆိုရင် ဘယ်လို တိုက်ခိုက်မှုတွေ လုပ်နိုင်သလဲဆိုတာကို ကာကွယ်ရေးဌာနကို သမ္မတ အိုဘားမားက မေးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး Chuck Hagel က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြေထဲပင်လယ်ထဲမှာ ပဲ့ထိန်းတပ် cruise missiles တွေ တပ်ဆင်ထားတဲ့ စတုတ္ထမြောက် စစ်သင်္ဘောကို ထပ်ပြီး ထားရှိမယ်လို့ ကာကွယ်ရေးဌာနက တာဝန်ရှိသူရဲ့ ပြောကြားချက် ပေါ်ထွက် လာခဲ့ပြီးနောက်မှာ ဝန်ကြီး Hagel က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဓါတုလက်နက်တွေသုံးတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် ကုလသမဂ္ဂ ဦးဆောင်တဲ့အဖွဲ့ စုံစမ်းနိုင်ရေးအတွက် အမေရိကန်နဲ့ တခြားအင်အားကြီး နိုင်ငံတွေက ဖိအားပေးနေပါတယ်။ ဒီကနေ့ စနေနေ့မှာတော့ လက်နက်ဖြုတ်သိမ်းမှုနဲ့ဆိုင်တဲ့ ကုလသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် Angela Kane ဟာ Damascus မြို့တော်ကို ရောက်ရှိသွားပြီး ဓာတုဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့ နေရာတွေကို သွားရောက် စုံစမ်းနိုင်ခွင့်ရဖို့ ဆီးရီးယားအစိုးရကို တွန်းအားပေးမှာဖြစ်ပါတယ်။
XS
SM
MD
LG