သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ဓာတုအဆိပ်သင့် လူထောင်ချီ ဆေးရုံရောက်


ဆီးရီးယားနိုင်ငံမှာ အာရုံကြောကို ထိခိုက်စေတဲ့ ဓာတ်သင့်ထားတဲ့ လက္ခဏာတွေ့ရတဲ့ လူနာ ၃,၆၀၀ လောက် ဆေးရုံ ၃ ရုံကို ရောက်လာကြ တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ကျန်းမာရေး အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ပြောပါတယ်။ ဆီးရီးယားအစိုးရက ဓာတုလက်နှက်နဲ့ တိုက်ခိုက်လို့ လူပေါင်း ၁,၀၀၀ ကျော် သေဆုံး သွားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးရက်ပိုင်းအတွင်းမှာ ပဲ အခုသတင်း ထပ်ကြားရတာပါ။

တက်တာ၊ တံတွေး အလွန်အကျွံထွက်တာနဲ့ အမြင်ဝေဝါးတာ အပါအဝင် လက္ခဏာတွေနဲ့ လူနာတွေအများကြီးပဲ Damascus မြို့တော် က ဆေးရုံတွေဆီ ရောက်လာကြတယ်၊ လူနာတွေထဲက ၁၀ % လောက် အရေအတွက်အရဆိုရင် လူနာပေါင်း ၃၅၅ ယောက် သေဆုံးသွားရပြီလို့ သိရကြောင်း MSF အဖွဲ့ကပြောပါတယ်။ လူနာတွေကို ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရှေးဦးသူနာပြုတွေထဲက တချို့လည်း ဒီဓာတ်သင့်ခံနေရပြီဆိုတာ တွေ့ရပါတယ်။

အဖြစ်အပျက်တခုလုံးကို ခြုံကြည့်မယ်ဆိုရင် ဒေသခံ လူထုဟာ အာရုံကြောကို ထိခိုက်စေတဲ့ အဆိပ်ဓာတ် အများကြီး သင့်ထားတယ်ဆိုတာ သေချာတွေ့နေရတယ်၊ ဓာတုနဲ့ ဇီဝလက်နှက်အသုံးပြုမှုကို လုံးဝပိတ်ပင်တားမြစ်ထား တဲ့ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ MSF ကပြောပါတယ်။

ဆီးရီးယားအစိုးရကတော့ သူရဲ့တပ်ဖွဲ့တွေ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုနေတာပါ။ သူပုန်တပ်ဖွဲ့တွေကသာ nerve gas နဲ့ ဒီသီတင်းပတ်ထဲမှာ တိုက်ခိုက်ခဲ့တာလို့ အစိုးရရဲ့ သတင်းဌာနက ပြောပါတယ်။ လက်နှက်ကိုင် အကြမ်းဖက်သမားတွေ အသုံးပြုတဲ့ ဥမင်လှိုဏ်ခေါင်းတွေကို ရှာဖွေတော့ စစ်သားတွေက သူပုန်တွေ nerve gas သုံးတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့ရတယ်လို့ SANA သတင်းဌာနကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေ အသုံးပြုနေတယ်ဆိုတဲ့ ကိစ္စအပေါ် အရေးယူဖို့ ဆုံးဖြတ်ခဲ့ရင် ရွေးချယ်ဆောင် ရွက်ဖို့ နည်းလမ်းတွေ တော်တော်များများ ရှိတယ်လို့ အိမ်ဖြူတော်က ပြောကြား လိုက်ပါတယ်။ ဆီးရီးယားနိုင်ငံက အခြေအနေနဲ့ ပတ်သတ်လို့ သမ္မတ ဘရက်အိုဘားမား က အမျိုးသားလုံခြုံရေးရာ ထိပ်တန်းအကြံပေးတွေနဲ့ စနေနေ့မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ အရင်ကတော့ သမ္မတ အိုဘားမားက ဆီးရီးယားနိုင်ငံ အရေးကို ဝင်ရောက်စွက်ဖက်ဖို့ တွန့်ဆုတ်နေတယ် လို့ ပြောခဲ့ဖူးတာပါ။ ဒါပေမဲ့ အဲဒီဒေသမှာ အမေရိကန်က ရေတပ် အင်အားကို ဖြည့်တင်းနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
XS
SM
MD
LG