သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အစိုးရ လေကြောင်း ထိုးစစ်ကြောင့် အများအပြားသေ


ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Idlib မြို့အနီးက သံလွင်ဆီ ထုတ်လုပ်တဲ့ စက်ရုံတခုအနီး အစိုးရက လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာက လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ နောက်ထပ် လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ပြောခဲ့ကြတာပါ။

အင်္ဂါနေ့က ထွက်ပေါ်လာတဲ့ ဗွီဒီယိုမှတ်တမ်း တခုမှာလည်း တူရကီနဲ့ နယ်စပ်အနီး Bab Al-Hawa မြို့က အပြီးမသတ်သေးတဲ့ ဒုက္ခသည် စခန်းတခုကို အစိုးရက လေကြောင်းက တိုက်ခိုက်ခဲ့တာတွေကို လည်း တွေ့မြင်ခဲ့ကြရပါတယ်။ အထိအခိုက် အသေအပျောက် ရှိမရှိ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်အဖွဲ့ကတော့ ပြီးခဲ့ တဲ့နှစ် မတ်လကတည်းက ဖြစ်ပွားနေတဲ့ သမ္မတ Bashar al-Assad ကို ဆန့်ကျင်အုံကြွမှုတွေ အတွင်း သေဆုံးသူပေါင်းဟာ ၄ သောင်း ကျော်သွားပြီလို့ ကြေညာခဲ့တာပါ။

ကုလသမဂ္ဂရဲ့လူသားချင်း စာနာမှုနဲ့ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူး Valerie Amos ကတော့ ဆီးရီးယား ပဋိပက္ခဟာ ရှေ့ဆက် ကြီး ထွားမယ့် အလားအလာတွေ ရှိနေပြီး စစ်ဒဏ်က ထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည် အရေအတွက် တိုးလာမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ပြောပါတယ်။

လတ်တလော ဒုက္ခသည် စခန်းတွေမှာတော့ အခြေခံ လူသုံးကုန်ပစ္စည်းနဲ့ ဆေးဝါးတွေ မလုံ မလောက် ဖြစ်နေရတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ စက်တင်ဘာလကစလို့ ဒုက္ခသည်အရေအတွက် ၂ ဆ တိုးလာပြီး အခုအခါ မှတ်ပုံတင် စာရင်းသွင်း ထားတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၄ သိန်း ၄ သောင်း ၂ ထောင်အထိ ရှိနေပြီလို့လည်း ပြော ပါတယ်။
XS
SM
MD
LG