သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသူပုန်ကို လက်နက်ပေးဖို့ အမေရိကန်ဆုံးဖြတ်


အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် ဆီးရီးယားအရေး ပြောဆိုစဉ်။ (ဇွန် ၁၄၊ ၂၀၁၃)။
အမေရိကန်သမ္မတ အိမ်ဖြူတော်တွင် ဆီးရီးယားအရေး ပြောဆိုစဉ်။ (ဇွန် ၁၄၊ ၂၀၁၃)။
ဆီးရီးယားသူပုန်အဖွဲ့တွေကို စစ်လက်နက် အထောက်အကူတွေပေးဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိတွေက ပြော ပါတယ်။ ရှေ့သီတင်းပတ် ကမ္ဘာ့စက်မှုအင်အားကြီး ၈ နိုင်ငံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမယ့် ဆွေးနွေးမှုတွေကနေလည်း ဒီဆုံးဖြတ်ချက် ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့လည်း သူတို့ကပြောပါတယ်။

နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရော၊ ဝေဖန်မှုတွေရော ရှိနေချိန်မှာ၊ အမေရိကန်ပြည်ထောင်စုကတော့ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ်က စစ်ပွဲတွေအတွင်း ဓာတုလက်နက်အသုံးပြုမှုတွေ ရှိခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီးတဲ့နောက် ဆီးရီးယားသူပုန်တွေကို စစ်ပိုင်းဆိုင်ရာ အကူအညီတွေ တိုးပြီးပေးလာနေတာဖြစ်ပါတယ်။

အာရုံကြောတွေကို ထိခိုက်စေတဲ့ဓာတ်ငွေ့ အပါအဝင် ဓာတုလက်နက်ပစ္စည်း အများအပြား ဆီးရီးယား အစိုးရက အသုံးပြုခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိထားတဲ့အကြောင်း သမ္မတရဲ့ အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေး Ben Rhodes က သောကြာနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးကတော့ ထောက်လှမ်းရေး အစီရင်ခံချက်တွေကို အခြေခံ တဲ့ အမေရိကန် စွပ်စွဲချက်ဟာ လုပ်ကြံပြောဆိုတဲ့ အချက်အလက်တွေသာဖြစ်ပြီး၊ လိမ်ညာစွပ်စွဲမှုဖြစ်တယ်လို့ သောကြာနေ့က တုံ့ပြန်ပြောဆိုထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း စစ်မြေပြင်မှာ ကိုယ်တိုင်သွားရောက် စစ်ဆေးမှုတွေ မရှိဘဲနဲ့ ဆီးရီးယားမှာ ဓာတုလက်နက်တွေ အသုံးပြုနေတယ် ဆိုတာကို သေချာမပြောနိုင်ဘူးလို့ ဆိုပြီး ဒီကိစ္စနဲ့ပတ်သက်လို့ သံသယရှိတဲ့အကြောင်း သောကြာနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စစ်ရေးနည်းနဲ့ စစ်ပွဲတွေကို အဖြေမရှာနိုင်ဘူးလို့လည်း ဆိုပြီးတော့ လက်နက် အကူအညီတွေပေးတာဟာ ဘယ်ဘက်ကိုမှ ကူညီရာမရောက်ဘူးလို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG