သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ


ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယားတပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံး၀ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားစစ်တပ်က အစိုးရဆန့်ကျင်ရေး အကြမ်းဖက်သမားတွေကို အပြတ်ချေမှုန်းမယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဒီကနေ့ ကြေညာလိုက်တာပါ။ တစ်နှစ်ကျော်ကြာ ခြေကုတ် ယူခဲ့တဲ့ ကူဆာအီမြို့ကနေ အတိုက်အခံတပ်ဖွဲ့တွေက ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။

အဲ့ဒီ ကူဆာအီမြို့ဟာ ဒမတ်စကတ်စ်မြို့ကနေ မြေထဲပင်လယ် ကမ်းရိုးတန်းအထိ သွားနိုင်တဲ့ အဝေးပြေးလမ်းမကြီးမှာ တည်ရှိပြီး၊ အတိုက်အခံတပ်ဖွဲ့တွေ လက်ဘနွန်နိုင်ငံကို ဝင်ရောက်နိုင်တဲ့နေရာ ဖြစ်ပါတယ်။

ကူဆာအီတိုက်ပွဲမှာ Hezbollah စစ်သွေးကြွတွေ ပါဝင်လာတာကြောင့် ဆီးရီးယားပဋိပက္ခနဲ့ ကျယ်ပြန့်လာနိုင်တာကြောင့် နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ သမ္မတ အာဆတ်အစိုးရက ကူဆာအီတိုက်ပွဲမှာ နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေ အသုံးပြုနေတဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့အပတ်က ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယား အကြပ်အတည်း အဆုံးသတ်ရေး ငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကျင်းပဖို့ ကုလသမဂ္ဂ၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စုက ကိုယ်စားလှယ်တွေ ဒီကနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးနေကြပါတယ်။

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေး အစိုးတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG