သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုလက်နက်အပ်နှံရေး ရုရှားအဆိုပြုချက် ဆီးရီးယားလက်ခံ


ဆီးရီးယားဝန်ကြီးချုပ် Wael al-Halki.
ဆီးရီးယားဝန်ကြီးချုပ် Wael al-Halki.
ဆီးရီးယားနိုင်ငံကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်လာမယ့် အခြေအနေကို ရှောင်လွဲှဖို့ နည်းလမ်းတရပ်အနေနဲ့၊ ဆီးရီးယားမှာရှိတဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာ ထိန်းချုပ်မှုအောက် ထားရှိရေး ရုရှားရဲ့ အဆိုပြုချက်ကို ဆီးရီးယားအစိုးရက လက်ခံလိုက်ပါတယ်။

ဆီးရီးယားပြည်သူတွေ သွေးထွက်သံယို ဖြစ်လာမှာကို ရှောင်ရှားတဲ့အနေနဲ့ ဒီကြိုးပမ်းချက်ကို ဆီးရီးယားအစိုးရက ထောက်ခံတယ်လို့ ဆီးရီးယားဝန်ကြီးချုပ် Wael al-Halki က ပြောပါတယ်။

တချိန်တည်းမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြင်သစ်ကနေ ဆုံးဖြတ်ချက် မူကြမ်းတရပ် တင်သွင်းဖို့ ရှိတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က ပြောပါတယ်။ ဒီအထဲမှာတော့ သြဂုတ်လ ၂၁ ရက်နေ့တုန်းက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်တာကို ဝေဖန်ရှုတ်ချထားပြီး၊ အဲဒီဖြစ်ရပ်မှာ တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ဖို့ တောင်းဆိုချက် ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ အရင်ကလည်း ဆီးရီးယားနဲ့ပတ်သက်လို့ အရေးယူမှု တစုံတရာပါတဲ့ ဆုံးဖြတ်ချက်ချဖို့ ကြိုးစားရာမှာ ရုရှားနဲ့ တရုတ်က ဗီတိုအာဏာနဲ့ ပယ်ချဖို့ ပျက်ပြယ်ခဲ့ဖူးပါတယ်။ ဆီးရီးယားက ဓာတုလက်နက်တွေကို ထိန်းချုပ်ရေးအတွက် သူတို့ကိုယ်ပိုင် အစီအစဉ်တရပ် ဖြစ်လာဖို့ ဆီးရီးယားနဲ့ ရုရှားအရာရှိတွေက လက်တွဲ ဆောင်ရွက်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အင်္ဂါနေ့မှာ ပြောပါတယ်။ ဒီအစီအစဉ် အဆိုပြုချက်ကို မကြာခင် အခြားနိုင်ငံတွေကိုလည်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။

အီရန်၊ တရုတ်နဲ့ အာရပ်အဖွဲ့ချုပ်တို့ကတော့ ရုရှားက အဆိုပြုချက်ကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့လည်း ဆီးရီးယား အဓိက အတိုက်အခံအဖွဲ့ကြီးကတော့ ဒါဟာ မစ္စတာ အာဆတ်အနေနဲ့ သူ့ကို နိုင်ငံတကာက အပြစ်ပေးခံရမှာကို ရှောင်လွဲှလိုတဲ့သဘော ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ဆီးရီးယားပြည်သူတွေကို ပိုပြီး သေကြေစေမယ့် အချိန်ဆွဲယူမှုမျိုး ဖြစ်တယ်လို့ ဆီးရီးယားအတိုက်အခံက သတိပေးပါတယ်။

ဆီးရီးယားပြည်တွင်းစစ်မှာ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့နဲ့၊ အမေရိကန် ပြည်ထောင်စုက စစ်ဆင်တိုက်ခိုက်တော့မယ့် အနေအထားကို ရှောင်လွှွဲဖို့ စဉ်းစားချက်တွေကနေ ဒီနည်းလမ်း ပေါ်ထွက်လာတာပါ။ ဆီးရီးယားက ဓာတုလက်နက်တွေကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်မှာ ထားဖို့ ရုရှားရဲ့ အဆိုပြုချက် အစီအစဉ်ဟာ အောင်မြင်တဲ့ ရလဒ် ဖြစ်လာချေရှိတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါပေမဲ့လို့လည်း ဒီအစီအစဉ်ဟာ ဆီးရီးယားကို စစ်ရေးအရတိုက်မယ်လို့ ခြိမ်းခြောက်မှုမရှိဘဲနဲ့၊ ဖြစ်နိုင်ချေ မရှိဘူးလို့တော့ သမ္မတ အိုဘားမား က ထောက်ပြပြောဆိုပါတယ်။
XS
SM
MD
LG