သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အတိုက်အခံကို EU လက်နက် ထောက်ပံ့ဖို့ လမ်းပွင့်


EU နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ (၂၇ မေ ၂၀၁၃)
EU နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ (၂၇ မေ ၂၀၁၃)
ဆီးရီးယား အတိုက်အခံတွေကို စစ်ရေးအရ အထောက်အကူ ဖြစ်စေနိုင်တဲ့ လက်နက်တင်ပို့မှု တားမြစ်ချက်ကို ပြင်ဆင်ရေး အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) က သဘောတူလိုက်တဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် (William Hague) က ပြောလိုက်ပါတယ်။

ဆီးရီးယား သူပုန်တွေကို အားပေးရေးအတွက် သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ရာက ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့မှာ အချေအတင် ဆွေးနွေးပြီး တနင်္လာနေ့ကပဲ သဘောတူလိုက်ကြတာပါ။

ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့တွေကို လက်နက် ထောက်ပံ့ဖို့ တိုက်တွန်းနေတာ ဖြစ်ပေမဲ့ သြစတြီးယားနဲ့ တခြား EU နိုင်ငံတချို့ကတော့ ဒီအစီအစဉ်ကြောင့် ဆီးရီးယား ပြည်တွင်းစစ် ပိုမို ကြီးထွားလာမှာကို စိုးရိမ်ပြီး ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် အဆုံးသတ်စေရေး နိုင်ငံတကာ ညီလာခံတရပ် ကျင်းပဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့ သိသိသာသာ တိုးတက်မှု တစုံတရာတော့ မရခဲ့ကြပါဘူး။

ရှေ့လထဲ ဂျနီဗာမြို့မှာ ညီလာခံကျင်းပရေးဟာ လွယ်ကူလှတဲ့ အစီအစဉ် တစ်ခုတော့ မဟုတ်တဲ့အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လဗ်ရော့ဗ် (Sergei Lavrov) က တနင်္လာနေ့ ဆွေးနွေးပွဲ အပြီးမှာပဲ ပြောဆိုလိုက်တာပါ။

ဆွေးနွေးပွဲ အဆိုပြုချက်ကိုတော့ ရုရှားနိုင်ငံက ထောက်ခံမှုပေးထားတဲ့ ဆီးရီးယား အစိုးရက မူအားဖြင့် လက်ခံကြောင်း ပြောဆိုထားပေမဲ့ အမေရိကန်က ထောက်ခံထားတဲ့ အတိုက်အခံတွေ ကြားမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိနေတာကြောင့် တရားဝင် တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။

အမေရိကန်နဲ့ သဘောထား ကွဲလွဲနေတဲ့ ကိစ္စတစ်ခုအဖြစ် တွေ့မြင်ခဲ့ရတာကတော့ ပြီးခဲ့တဲ့နှစ်ထဲ ဂျနီဗာမြို့က ဆီးရီးယား ငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံခဲ့ကြတဲ့ အင်အားကြီး နိုင်ငံတွေအပြင် တခြားနိုင်ငံတွေကို ညီလာခံမှာ ထည့်သွင်းဖို့ လိုလားတဲ့အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ရုရှားထိပ်တန်း သံတမန်ကတော့ အီရန်နိုင်ငံကို ရည်ညွှန်းပြီး ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ သြဇာညောင်းသူတွေ အားလုံး ပါဝင်သင့်တယ်လို့ ပြောဆိုခဲ့တာပါ။ ရုရှားနဲ့ အီရန် ၂ နိုင်ငံဟာဆိုရင် ဆီးရီးယား သမ္မတ ဘက်ရှာ အယ်လ် အာဆဒ် (Bashar al-Assad) ရဲ့ နောက်ဆုံး မဟာမိတ် ၂ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန် ပြည်ထောင်စုက ထိပ်တန်း အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ John McCain ဟာ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဖို့အတွက် ရုတ်တရက် ဆီးရီးယားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

လက်ထောက်ဖြစ်သူတွေကတော့ အထက်လွှတ်တော်အမတ် McCain ဟာ တနင်္လာနေ့ကပဲ ဆီးရီးယား လွတ်မြောက်ရေး သူပုန်တပ်ဖွဲ့တွေရဲ့ တပ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဆလမ် အီဒရစ် (Salam Idris) နဲ့အတူ အိမ်နီးချင်း တူရကီနိုင်ငံကတဆင့် ဆီးရီးယား နိုင်ငံထဲကို နာရီအတော်ကြာ ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG