သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာစစ်ရေးအရ အရေးယူဖို့ လွှတ်တော် ခွင့်ပြုချက် တောင်းမည်


ဆီးရီးယားမှာ ဓာတုလက်နက်သုံးစွဲတိုက်ခိုက်မှုကို စစ်ရေးအရ အရေးယူဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ချက်ကို ကြေညာနေသော သမ္မတ အိုဘားမား
ဆီးရီးယားမှာ ဓာတုလက်နက်သုံးစွဲတိုက်ခိုက်မှုကို စစ်ရေးအရ အရေးယူဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ချက်ကို ကြေညာနေသော သမ္မတ အိုဘားမား
ဆီးရီးယားနိုင်ငံမှာ အစိုးရက ဓာတုလက်နက် အသုံးပြုပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုတာအတွက် စစ်ရေးအရ အရေးယူသင့်တယ်လို့ ဆုံးဖြတ်ပေမယ့် စစ်အင်အား အသုံးပြုဖို့ကိုတော့ လွှတ်တော်က ခွင့်ပြုချက်ကို တောင်းခံဦးမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားက ပြောကြားလိုက်ပါတယ်။

သူ့မှာ ကိုယ်ပိုင်လုပ်ပိုင်ခွင့် အာဏာရှိပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး အခြေအတင် ဆွေးနွေးကြဖို့လည်း အရေးကြီးတယ်လို့ ယူဆကြောင်း သမ္မတအိုဘားမားက စနေနေ့ နေ့လည်ပိုင်းကပဲ သူ့နိုင်ငံကို မိန့်ခွန်းပြောသွားပါတယ်။ ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့လည်မှာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က ဖြစ်ပွားခဲ့တာဟာ ၂၁ ရာစုရဲ့ အဆိုးဝါးဆုံး ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတစ်ခုမို့ ဒါကို အမေရိကန်ပြည်ထောင်စုအနေနဲ့ မျက်ကွယ်မပြုနိုင်ပါဘူး၊ မျက်ကွယ်လည်းပြုမှာမဟုတ်ပါဘူးလို့ သမ္မတက ပြောပါတယ်။

ဆီးရီးယားအစိုးရ စွပ်စွဲခံထားရတဲ့ တိုက်ခိုက်မှုဟာ ဓာတုစစ်ပွဲဆိုတာထက်သာလွန်တဲ့ ပြဿနာရှုပ်ထွေးမှုတွေ ရှိနေတယ်လို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှု ဘယ်ဟာမဆို အကန့်အသတ်မဲ့ ဝင်ရောက်ပါဝင်မှု ဖြစ်မှာမဟုတ်ပါဘူး၊ အမေရိကန်ရဲ့ ကျည်းတပ်တွေကို ဒီကိစ္စမှာ အသုံးမပြုဘူးလို့လည်း သမ္မတက ပြောတာပါ။

လွှတ်တော်ခေါင်းဆောင်တွေကတော့ စက်တင်ဘာလ ၉ ရက်နေ့ အမေရိကန်လွှတ်တော်ရဲ့ နွေရာသီပိတ်ရက် ကုန်ဆုံးချိန်နောက်ပိုင်း ရုံးပြန်တက်ကြမယ့် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေအနေနဲ့ ဒီကိစ္စကို သေသေချာချာ အရေးယူဆွေးနွေးမှာဖြစ်ကြောင်း ပြောပါတယ်။

သမ္မတ အိုဘားမားက အိမ်ဖြူတော်ရဲ့ နှင်းဆီဥယျာဉ်မှာ အခုလို မိန့်ခွန်းပြောကြားနေတဲ့အချိန်မှာပဲ အိမ်ပြင်ဘက် ခြံဝင်းအပြင်မှာတော့ ဆီးရီးယားမှာ အမေရိကန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ့်အရေးကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ကြွေးကြော်သံတွေ ဟစ်ကြွေး ဆန္ဒပြနေကြပါတယ်ရှင်။
XS
SM
MD
LG