သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားသမ္မတ ရာထူးစွန့်ဖို့မစဉ်းစား


ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad)။
ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad)။
ဆီးရီးယားအတိုက်အခံတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ဖို့ အဆင်သင့်ရှိပါတယ်လို့ သမ္မတဘက်ရှာ အယ်လ်အာဆတ်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် ကနေတော့ လုံး၀ ဆင်းပေးမှာမဟုတ်ဘူးလို့လည်း မစ္စတာအာဆတ်က ပြောဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံမှာထုတ်ဝေတဲ့ Sunday Times မီဒီယာနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတဘက်ရှာအယ်လ် အာဆတ် က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒမတ်စကဒ်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု ဗွီဒီယိုမှာ သမ္မတအာဆတ်က သူ့အနေနဲ့ လက်နက်ချပြီးဆွေးနွေးဖို့ လိုလားသူမှန်သမျှနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း၊ နိုင်ငံရေးနဲ့ လက်နက်ကိုင် အကြမ်းဖက်မှုကို ခွဲခြားရှုမြင်ဖို့လိုကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ တိုးတက်ဖြစ်ပွားစေလိုတဲ့ ဆန္ဒရှိနေတယ်လို့ သမ္မတ အာဆတ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဗြိတိန်အစိုးရဟာ သူပုန်တွေကို လက်နက်တွေ အထောက်အပံ့ ပေးချင်နေလို့ ဖြစ်တယ်လို့ သူကပြောပါတယ်။

သမ္မတက အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးလိုပါတယ်လို့ ပြောဆိုမှု ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနဲ့ ဆီးရီးယားအရေး ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာ သံတမန် လက်ခ်ဒါ ဘရာဟီမီတို့က ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတို့အကြား တွေ့ဆုံဆွေးနွေးရေးကို ကုလသမဂ္ဂကနေ ကြားဝင် ဆောင်ရွက် ပေးနိုင်တယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။
XS
SM
MD
LG