သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ပဋိပက္ခ အရေးကြီးလမ်းချိုးရောက်ရှိ


ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခဟာ အရေးပါတဲ့ အချိုးအကွေ့တခုကို ရောက်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က စနေနေ့မှာ ပြောကြားလိုက်ပြီး၊ မကြာတော့တဲ့ အနာဂတ်ကာလအတွင်း ပြုလုပ်မယ့် ဆုံးဖြတ်ချက်တွေဟာ စစ်ပွဲတွေကို အဆုံးသတ်စေရေး၊ သို့တည်းမဟုတ် အနာဂတ်အတွက် အရေးပါတဲ့ ရွေးချယ်မှုတွေ ဖြစ်လာစေမယ်လို့ ဆိုပါတယ်။

အခုသီတင်းပတ်ဟာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမယ့် သီတင်းပတ်တခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျာမနီနိုင်ငံ၊ Munich မြို့မှာ ကျင်းပနေတဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ ဝန်ကြီးကယ်ရီက ပြောကြားလိုက်တာပါ။ အခုအချိန်ဟာ သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတဲ့ အချိန်ဖြစ်တယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

လာမယ့်ရက်တွေ၊ သီတင်းပတ်တွေနဲ့ လတွေအတွင်း ပြုလုပ်ကြမယ့် ဆုံးဖြတ်ချက်တွေဟာ ဆီးရီးယားစစ်ပွဲကို အဆုံးသတ်သွားစေနိုင်သလို၊ မှားယွင်းတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်လိုက်မိရင် ပိုမို ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပေါ်လစီနဲ့ ပတ်သက်လို့ အကြောင်းရပ် ၂ ခုကို ဝန်ကြီးကယ်ရီက အဓိကထား ပြောကြားသွားတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်က မဟာမိတ်နိုင်ငံတွေဟာ ဆီးရီးယားနိုင်ငံအတွင်းက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအရေးနဲ့ ယူကရိန်းအစိုးရနဲ့ ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေ ကိစ္စအပါအဝင် ပဋိပက္ခပေါင်းများစွာကို ရင်ဆိုင် ဖြေရှင်းနေရကြောင်း ဝန်ကြီးကယ်ရီက ထည့်သွင်း ပြောကြားသွားပါတယ်။

XS
SM
MD
LG