သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ ဆီးရီးယားရောက်


ကုလသမဂ္ဂ ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ ဆီးရီးယားနိုင်ငံ မြို့တော်ကို ရောက်ရှိလာစဉ်။ (သြဂုတ်လ ၁၈ ရက်၊ ၂၀၁၃)။
ကုလသမဂ္ဂ ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ ဆီးရီးယားနိုင်ငံ မြို့တော်ကို ရောက်ရှိလာစဉ်။ (သြဂုတ်လ ၁၈ ရက်၊ ၂၀၁၃)။
ဆီးရီးယား ပြည်တွင်းစစ်အတွင်း ဓာတုလက်နက် အသုံးပြုမှု ရှိမရှိ စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးအဖွဲ့ဟာ တနင်္ဂနွေနေ့မှာ မြို့တော် Damascus ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

သီတင်း နှစ်ပတ်ကြာ စုံစမ်းစစ်ဆေးဖို့ စီစဉ်ထားတဲ့ အဖွဲ့ဝင် ၂၀ ပါတဲ့ စစ်ဆေးရေးအဖွဲ့ဟာ ဆီးရီးယား မြို့တော်က ဟော်တယ်ကို ရောက်ရှိလာပေမဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားမှု တွေ မလုပ်ခဲ့ပါဘူး။ သူတို့ဟာ ဆီးရီးယားမှာ တိုက်ပွဲတွေဖြစ်ပွားစဉ်အတွင်း Sarin အပါအဝင် အာရုံကြော ထိခိုက်စေတဲ့ တခြား အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုလက်နက်တွေ အသုံးပြုမှု ရှိမရှိနဲ့ ရှိခဲ့ရင် ဘယ်သူက သုံးခဲ့တယ် ဆိုတာတွေကိုပဲ အဓိက စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။

ဒီအဖွဲ့ကို ဆွီဒင်နိုင်ငံသား လက်နက်ကျွမ်းကျင်သူ Ake Sellstorm က ဦးဆောင်တာပါ။ ဒီအဖွဲ့ ဆီးရီးယားကို ဧပြီလ အစောပိုင်းကတည်းက လာရောက်ဖို့ စီစဉ်ထားပေမဲ့ ဆီးရီးယား အစိုးရရဲ့ ခွင့်ပြုချက်ရဖို့ ညှိနှိုင်းနေ ရတာမို့ အခုလို ကြန့်ကြာခဲ့တာဖြစ်ပါတယ်။

ဒီအဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို နေရာ သုံး နေရာမှာပဲ လုပ်ဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ မတ်လတုန်းက အလက်ပိုမြို့ပြင် Khan al- Assal မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဓာတုလက်နက်တွေ သုံးစွဲခဲ့တယ်လို့ သမ္မတ Bashar al- Assad ရဲ့ တပ်တွေကရော အတိုက်အခံတွေကပါ အပြန်အလှန် စွပ်စွဲနေကြ တဲ့ နေရာလည်း ပါဝင်ပါတယ်။ အဲဒီနေရာဟာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေ အချိန်မရွေး လာရောက် စစ်ဆေးနိုင်တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ နောက် စစ်ဆေးခွင့်ပေးခဲ့တဲ့ နေရာ နှစ်နေရာကိုတော့ သေသေချာချာ ထုတ်မပြောသေးပါဘူး။

အာဆတ်အစိုးရနဲ့ အတိုက်အခံတွေကြား ဓာတုလက်နက် သုံးစွဲတယ်လို့ စွပ်စွဲနေကြပြီး အခုလို သုံးစွဲခဲ့တာဟာ သည်းခံနိုင်တဲ့ အတိုင်းအတာ ကို ကျော်လွန်သွားတယ်လို့ အမေရိကန်နိုင်ငံက ပြောကြားခဲ့ပါတယ်။ ဆီးရီးယားက တိုက်ပွဲတွေကြောင့် သေဆုံးရသူပေါင်း တစ်သိန်းကျော်နေပြီ ဖြစ်ပါတယ်။
XS
SM
MD
LG