သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား စစ်ရာဇဝတ်မှုတွေ ကုလ စုံစမ်းစစ်ဆေး


ဆီးရီးယားအရေးကိစ္စ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးကနေ ICC နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးက ဆီးရီယားနိုင်ငံတွင်းက စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆို လိုက်ပါတယ်။

ဆီးရီးယားအရေး ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာ ထုတ်ပြန်လိုက်အပြီး မနေ့က တနင်္လာနေ့မှာ စုံစမ်းရေးမှူး ကာလာ ဒယ်လ် ပွန်တေး (Carla Del Ponte) က အခုလို တောင်းဆို လိုက်တာပါ။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဆီးရီးယားနိုင်ငံတွင်းက ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်တန်နေပြီ လို့ စုံစမ်းရေးမှူး ကာလာ ဒယ်လ် ပွန်တေး (Carla Del Ponte) က ပြောပါတယ်။

ဆီးရီးယားနိုင်ငံတွင်း အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ကိစ္စတွေအပါအဝင် စစ်ရာဇဝတ်မှုတွေမှာ ဆီးရီးယားစစ်တပ်ရော သူပုန်ဘက်ကပါ ကျူးလွန်ဖွယ် ရှိခဲ့တယ်လို့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ စွပ်စွဲရေးသားထားပါတယ်။

ဒါပေမဲ့လည်း တရားမဲ့ ဖမ်းဆီးထိန်းသိမ်းမှု၊ သတ်ဖြတ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေ စတဲ့ ရာဇဝတ်မှုတွေအတွက် ဆီးရီးယားအစိုးရက အဓိက တာဝန်ရှိသူ၊ အဓိက ကျူးလွန်သူလို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မနေ့က ဒီအစီရင်ခံစာ ထွက်ပေါ်လာတာနဲ့ ပတ်သက်လို့တော့ ဆီးရီးယားအစိုးရဘက်ကရော သူပုန်ဘက်ကပါ သီးခြား မှတ်ချက် ထွက်ပေါ်လာတာ မရှိသေးပါဘူး။

ဒီစစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း စာရင်းတွေ ကိုတော့ လျှို့ဝှက်ထားပြီး၊ လာမယ့်လကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကို အဲ့ဒီကော်မရှင် အနေနဲ့ တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ စာရင်းကိုတော့ အများပြည်သူကို ချပြဖို့ အစီအစဉ် မရှိပါဘူး။
XS
SM
MD
LG