သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်း ရုရှားနဲ့တရုတ်ပယ်ချ


ဆီးရီယားမှာ အကြမ်းဖက်မှုတွေကို မရပ်တန့်ရင် ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ ရုရှားနဲ့ တရုတ်က ဗီတိုသုံးပယ်ချတာကြောင့် ဆုံးဖြတ်ချက်မကျခဲ့ဘူးလို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။

ဒီ ဗီတိုသုံးပယ်ချလိုက်မှုဟာ အန္တရာယ်ကြီးပြီးတော့ အတော်လေး ဆိုးဝါးတဲ့ကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန် ရိုက်စ်က ပြောပါတယ်။ လုံခြုံရေးကောင်စီကနေ အခုလို အရေးယူမှု မလုပ်နိုင်တာကြောင့် အဲဒီဒေသတခုလုံးကိုပါ ရိုက်ခတ်သွားနိုင်တဲ့စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့လည်း ဆူဇန် ရိုက်စ်က သတိပေးလိုက်ပါတယ်။

အဆိုပြုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ဆီးရီယားနိုင်ငံတွင်း ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့တွေ ဆက်ထားနိုင်ရေး သက်တမ်းတိုးဖို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဆီးရီးယားသမ္မတ အာဆဒ်အစိုးရအနေနဲ့ သူပုန်တွေနဲ့ အရပ်သားတွေကို လက်နက်ကြီးသုံးပြီး ပစ်ခတ်တိုက်ခိုက်နေတာတွေကို ၁၀ ရက် အတွင်း မရပ်တန့်ဘူးဆိုရင် ဒဏ်ခတ် အရေးယူတာခံရမယ်လို့လည်း ခြိမ်းခြောက် အကြပ်ကိုင်ထား တာ ပါဝင်ပါတယ်။ ဒါ့အပြင် သမ္မတ အာဆဒ်အနေနဲ့ အထူး ကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ ငြိမ်းချမ်း စွာ နိုင်ငံရေးအသွင်ကူးပြောင်းမှု အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားပါ တယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vitaly Churkin ကတော့ ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်တဲ့၊ နောက်ပြီး စစ်ရေးအရ ကျူးကျော်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ပုံစံမျိုး ဘယ်လို စာ၊ ဘယ် လို ကြေညာချက်မျိုးကိုမှ ရုရှားအနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

ဆီးရီယားနိုင်ငံတွင်း ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့ရဲ့ သက်တမ်းဟာ အခု သောကြာနေ့မှာ ကုန်ဆုံး မှာဖြစ်ပါတယ်။ အဲဒီအတွက် သက်တမ်းတိုးပြီး ဆက်ထားမထားဆိုတာတော့ မကျိန်းသေတော့ပါဘူး။ အမေရိကန်သံအမတ်ကြီး ဆူဇန်ရိုက်စ်ကတော့ သမ္မတအာဆဒ်အစိုးရကို ဖိအားပေးဖို့နဲ့ ဆီးရီးယားနိုင်ငံတွင်းက လိုအပ်ချက်တွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လုံခြုံရေးကောင်စီ အပြင်ပန်းက အမျိုးမျိုးသော အမေရိကန်လက်တွဲဘက် မဟာမိတ်တွေနဲ့ အတူတကွ ဆောင်ရွက်သွားမယ်လို့ ပြောလိုက်ပါတယ်။
XS
SM
MD
LG