ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာရှိတဲ့ အမျိုးသားလုံခြုံရေးဌာနအဆောက်အဦးမှာ ဗုံးခွဲမှုတခုကြောင့် ကာကွယ်ရေးဝန်ကြီး Daoud Rajha နဲ့ ဒုတိယကာကွယ်ရေးဝန်ကြီး Assef Shawkat တို့ သေဆုံးသွား တယ်လို့ ဆီးရီးယားအစိုးရ ရုပ်မြင်သံကြားက သတင်းထုတ်ပြန်ပါတယ်။

Shawkatဟာ သမ္မတ Bashar al Assad ရဲ့ ယောက်ဖတော်စပ်သူဖြစ်ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဗုံးကွဲမှုအတွင်း ကာကွယ်ရေး ဝန်ကြီးဟောင်းဗိုလ်ချုပ်ကြီး Hassan Turkmani လည်း ပါဝင်တယ်လို့ သတင်းတွေကပြောပါတယ်။ အဆင့်မြင့် အရာရှိကြီးတွေ အစည်းအဝေးလုပ်နေချိန်မှာ အသေခံဗုံးခွဲမှုကြောင့် အရာရှိတော်တော်များများလည်း အပြင်းအထန် ဒဏ်ရာရသွားကြပါတယ်။ ဒီဗုံးကွဲမှုဖြစ်ပွားခဲ့ပြီးနောက် Damascus မြို့ပေါ်မှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အခုလိုဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကို ကြည့်ရင် ဆီးရီးယားရဲ့ အခြေအနေဟာ ထိန်းမနိုင် သိမ်းမရ အခြေအနေဖြစ်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ကပြောပါတယ်၊ Bashar al-Assad အစိုးရဆင်းသွားအောင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းထန်ဆုံး ဖိအားအေးကြဖို့ လည်း သူက တောင်းဆိုခဲ့ပါတယ်။ Russia နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ ဆီးရီးယားအပေါ် အရေးယူဒဏ်ခတ်တဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ရင် တော်လှန်ရေး ကို အားပေးရာ ရောက်သွားမှာဖြစ်လို့ ဒီဆုံးဖြတ်ချက်ကို Russia အစိုးရက လက်မခံနိုင်ဘူးလို့ ပြော ပါတယ်။