သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရတပ် အဆိပ်ဓာတ်ငွေ့သုံး အတိုက်အခံစွပ်စွဲ


ဆီးရီးယားနိုင်ငံ Damascus မြို့အနီးမှာ အစိုးရတပ်တွေက ထိုးစစ်ဆင်ရာမှာ ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲလိုက်ပါတယ်။ ဆီးရီးယားအစိုးရကတော့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ချက်ချင်းဆိုသလိုပဲ ငြင်းဆိုလိုက်ပါတယ်။

သမ္မတ အာဆတ် အစိုးရဆန့်ကျင်သူတွေကို အကြမ်းဖက်သမားတွေအဖြစ် ရည်ညွှန်းလေ့ရှိတဲ့ အစိုးရတပ်တွေကတော့ အဲဒီဒေသက အကြမ်းဖက်သမားတွေကို သုတ်သင်ခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်က Ghouta အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ရော့ကက်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ အဆိပ်ဓာတ်ငွေ့ အသုံးပြုခဲ့တယ်ဆိုတဲ့ ဒေသတွင်း လှုပ်ရှားသူတွေရဲ့ အပြောကို ကိုးကားပြီး ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အကဲခတ် အဖွဲ့က ပြောဆိုလိုက်တာပါ။ ဒေသခံ အတိုက်အခံ ပူးပေါင်းညှိနှိုင်းရေး ကော်မတီကလည်း ဓာတ်ငွေ့တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ပြောဆိုလိုက်ပါတယ်။

အဲဒီဓာတုလက်နက်တွေ သုံးနေတယ်ဆိုတဲ့ ဒေသတွေကို ကုလစစ်ဆေးရေမှူးတွေကို သွားခွင့်ပြုဖို့ ဗြိတိန်နဲ့ အာရတ်အဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး William Hague ဓာတုလက်နက်တွေ အသုံးပြုနေတယ်ဆိုတဲ့ သတင်းအပေါ် အတော်လေး စိုးရိမ်မကင်း ဖြစ်ရကြောင်းနဲ့ ဒီကိစ္စကို ကုလ လုံခြုံရေးကောင်စီကို တင်ပြမယ်လို့ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ဓာတုလက်နက် စစ်ဆေးရေးမှူးတွေဟာ ဆီးရီးယားအစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေအကြား ဓာတုလက်နက် အသုံးပြုနေကြတယ်လို့ အပြန်အလှန် စွပ်စွဲနေကြတာတွေကို စစ်ဆေးဖို့ ဆီးရီးယားနိုင်ငံကို သီတင်း ၂ ပတ်ကြာခရီး ရောက်ရှိနေချိန်မှာ အခုလို အင်အားသုံး တိုက်ခိုက်နေတာနဲ့ တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG