သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမား အခွင့်အရေးရဖို့ ဖိနပ်စက်ရုံ အလုပ်သမားတွေ ကြိုးပမ်း


အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပေမဲ့ ထိထိရောက်ရောက် အရေးမယူလို့ ဆိုပြီး နေပြည်တော်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ သမ္မတရုံးတို့ကို တိုင်ကြားဖို့ ကြိုးစားကြတဲ့ အလုပ်သမားတွေဟာ လုံခြုံရေး အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ကြုံခဲ့ရပါတယ်။ ကား ၃ စီးနဲ့ ရန်ကုန်မြို့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၁၀၀ လောက်ဟာ နေပြည်တော်အဝင်မှာဘဲ ရဲအင်အား အလုံးအရင်းနဲ့ ပိတ်ဆို့တားဆီးခံခဲ့ရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမူတွေကို တိုင်ကြားစာတွေပေးဖို့ အတွက် နိုင်ငံတော်သမ္မတရုံးကို လာခဲ့တဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ ဟာ မနက် ၆ နာရီကျော်ကတည်းကစပြီး နေပြည်တော်အဝင် ဒက္ခဏသီရိမြို့နယ် ထဲမှာပဲ ၂ ကြိမ် ပိတ်ဆို့ခံနေရတာပါ။ ဘာကြောင့် နေပြည်တော်ကို လာရောက်ပြီး လူအစုအဝေးနဲ့ တိုင်ကြားစာပို့ ရသလဲ ဆိုတာကိုတော့ အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ မချမ်းငြိမ်းကို က အခုလိုပြောပါတယ်။

“ဟုတ်ကဲ့ပါ။ ကျမတို့ တိုင်ရီဖိနပ်စက်ရုံ အလုပ်ရှင်ကနေပြီးတော့ အလုပ်သမား အဖွဲ့အစည်း ဥပဒေကို ချိုးဖောက်တယ်။ အလုပ်အမှုဆောင်အဖွဲ့တွေမှာ ဒီလုပ်ကိုင်ခွင့် တာဝန်ကို အလုပ်ရှင်တွေအနေနဲ့ မပေးပဲ တားမြစ်ပြီးတော့ ချိုးဖောက်တာပါရှင့်။ အလုပ်သမားသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့ဝင်တွေပါရှင့်။ အဲဒီချိုးဖောက်တဲ့အခန်းကဏ္ဍ ကို ကျမတို့အနေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေဆီကို ကျမတို့ အကြိမ်ကြိမ် စာတင်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်၊ဌာန တာဝန်ရှိသူတွေစီမှာလည်း ကျမတို့အနေနဲ့ တောင်းဆို တိုင်ကြားခဲ့ပေမယ့်၊ မြို့နယ်အဆင့်၊ နောက် တိုင်းဒေသကြီးအဆင့် ၊ ညွန်ကြားရေးမှူးအဆင့်တွေ ကနေပြီးတော့ တာဝန်ယူဖြေရှင်းပေးနိုင်ခြင်း လုံးဝမရှိဘူး။ တာဝန်ယူ ဆုံးဖြတ်ပေးပြီးတော့ ဖြေရှင်းနိုင် တဲ့ အဆင့်အထိ ညွှန်ကြားရေးမှူးချုပ် နဲ့ ပြည်ထောင်စု ဝန်ကြီးရှိပါတယ်ဆိုတာကြောင့် ကျမတို့အနေနဲ့ နေပြည်တော် ဒီ ဝန်ကြီးဌာန နဲ့ နိုင်ငံတော် သမ္မတရုံးကို ကျမတို့ လာရောက်ပြီးတော့ ကျမတို့ တောင်းဆို တင်ပြရခြင်းဖြစ်ပါတယ်။”

သူတို့ကို နေပြည်တော်အဝင်မှာပဲ ၂ ကြိမ် ပိတ်ဆို့ခဲ့ပြီး ဒုတိယအကြိမ် ပိတ်ဆို့တဲ့ အခါမှာတော့ရဲအင်အားအများအပြားနဲ့ ရန်ကုန်ပြန်လှည့်ဖို့ အတွက် ဖိအားပေးပြောဆိုနေတယ် လို့ ဆိုပါတယ်။

“ဟုတ်ကဲ့၊ ပထမအဆင့် ပိတ်တဲ့နေရာကနေပြီးတော့ ကျမတို့ ထွက်ခွင့်ရှိတယ်။ အခုဒီ ပထမအဆင့်ကတော့ နေပြည်တော် ဒက္ခိဏသီရိ နေပြည်တော် အဝင်ဝမှာ ပိတ်တယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတရုံး၊ အခုအချိန်မှာတော့ နိုင်ငံတော် သမ္မတရုံးကိုသွားတဲ့ အခြေအနေမှာ ကျမတို့ နိုင်ငံတော်သမ္မတရုံးကို တင်ပြတောင်းဆိုမယ့် စာတွေ သွားတင်မယ့် အခန်းကဏ္ဍကို အသွားမှာ ရဲတပ်ဖွဲ့ဝင်တွေ အင်အား အများအပြားနဲ့ ပိတ်ထားတယ်ရှင့်။ ကျမတို့ ပထမဦးဆုံးပြော တာကတော့လေ ဒီ ခကွေးလိုင်စင်နဲ့မို့လို့ ကားတွေကနေပြီးတော့ ယာဉ်မောင်း၊ ဒီယာဉ်တွေဟာ ဖြတ်သန်းခွင့်မရှိဘူးပေါ့နော်။ အဌားယာဉ် မောင်းလို့မရဘူး ဆိုပြီး ပိတ်ပါတယ်။ ပိတ်တဲ့အခြေအနေမှာ ကျမတို့က တာဝန်ရှိတဲ့သူတွေနဲ့ သွားရောက်ဆွေးနွေးတဲ့ အခန်းကဏ္ဍ မှာ ကျမတို့ကားပိတ်ရင်လည်း ကျမတို့ တဖက်မှာ ကားဌားပြီးတော့ အေးအေးချမ်းချမ်း သွားမယ် ဆိုတဲ့အစီအစဉ်ကျတော့ လုံခြုံရေးအရ လူတွေပါ လုံးဝ သွားခွင့်မရှိပါဘူးဆိုပြီး ကျမတို့ကို ပိတ်ဆို့ထားတဲ့ အခန်း ကဏ္ဍရှိပါတယ်ရှင့်။

ကားတွေကို နောက်ကြောင်းပြန်လှည့်ပြီး နောက်ကြောင်းပြန်ပြီးတော့ ကားတွေကိုမောင်းဖို့ပြော ထားတယ်။ နိုင်ငံတော်သမ္မတရုံးကို ကျမတို့ဘယ်ပုံစံနဲ့ပဲ သွားသွား ကျမတို့ကို သွားရောက်ခွင့် လုံး၀ ၊ နိုင်ငံတော်သမ္မတရုံးကို သွားမှာဖြစ်တဲ့ အတွက် ဘယ်လိုပုံစံနဲ့ သွားသွား သွားရောက်ခွင့် လုံးဝမပေးနိုင်ဘူးဆိုတဲ့ အတိုင်းအတာနဲ့ ရဲတပ်ဖွဲ့က ပိတ်တာပါ။”

အလုပ်သမား ၁၀၀ နီးထဲမှာ အမျိုးသား ၈ ဦးခန့် သာပါဝင်ပြီး အများစုက အမျိုးသမီးများဖြစ်ကြပါတယ်။ သူတို့ တွေဟာ တိုင်ကြားစာကိုပေးနိုင်ဖို့ အတွက် ရုံးချိန်အမှီ လာခဲ့ပေမဲ့ ပိတ်ဆို့ တားဆီးထားတဲ့အတွက် ညနေပိုင်းအထိ အတားဆီးတွေ ဖယ်ရှားပေးဖို့အတွက် တောင်းဆိုနေဆဲဖြစ်ပါတယ်။

လှိုင်သာယာစက်မူဇုံ (၃) မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံဟာ ၂၀၁၂ ခုနှစ်ကတည်းကစပြီး အလုပ်သမားတွေရဲ့အနိမ့်ဆုံး အခြေခံလစာ တိုးမြင့်ပေးရေးနဲ့ အလုပ်သမား အခွင့်ရေးတွေအတွက် တောင်းဆိုဆန္ဒပြခဲ့တာပါ။ တိုင်ရီစက်ရုံဟာ အလုပ်သမားတွေ ဦးဆောင်ပြီး အလုပ်သမားသမဂ္ဂကို ဖွဲစည်းထားတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။

XS
SM
MD
LG