သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်တွေ ပါကစ္စတန်ထောင်စီးနင်း အကျဉ်းသားရာနဲ့ချီလွတ်


ပါကစ္စတန် ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်ထားသူတချို့ပါတဲ့ တာလီဘန် စစ်သွေးကြွတွေဟာ စက်သေနတ်တွေ၊ လက်ပစ်ဗုံးတွေ သုံးပြီး နိုင်ငံအနောက်မြောက်ပိုင်းက အကျဉ်းထောင်တခုကို တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်သမား ၂၅ ယောက် အပါအဝင် စုစုပေါင်း အကျဉ်းသား ၂၄၀ လွတ်မြောက်သွားပါတယ်။

၃ နာရီလောက်ကြာတဲ့ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၄ ယောက် အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ Khyber Pakhtunkhwa ခရိုင်က Dera Ismail Khan မြို့မှာရှိတဲ့ အကျဉ်းထောင် တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် ရ ဦး ဒဏ်ရာရခဲ့ပါတယ်။

Khyber Pakhtunkhwa ဒေသဟာ တာလီဘန်နဲ့ al Qaida ဆက်နွယ်တဲ့ သောင်းကျန်းသူတွေ လှုပ်ရှားနေတဲ့ အာဖဂန်နယ်စပ်က မျိုူးနွယ်စုတွေ ဒေသဖြစ်ပြီး တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ဒေသတခုလို ဖြစ်နေတာပါ။ ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေထဲက ၆ ယောက် ပြန်ဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

စစ်တပ်ဖွဲ့ဝင်တွေကိုလည်း အင်အားဖြည့်ဆည်းထားပြီး Dera Ismail Khan မြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ အဲဒီဒေသတဝိုက်ကို ရဲနဲ့ စစ်တပ်က ဝန်းရံပြီး လုံခြုံရေး ယူထားပါတယ်။ အကျဉ်းထောင် တိုက်ခိုက်မှုမှာ အသေခံ ဗုံးခွဲသမားတွေ အပါအဝင် စစ်သွေးကြွ ၁၅၀ လောက် ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒါဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန် ပြောခွင့်ရသူက ပြောဆိုပါတယ်။ အကျဉ်းထောင် တိုက်ခိုက်မှုဟာ သူတို့အတွက် အောင်မြင်မှု ဖြစ်တယ်လို့လည်း တာလီဘန် ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG