သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် NLD ရပ်ကျေးတာဝန်ရှိသူတဦး အသတ်ခံရမှု သံသယရှိသူ သေဆုံး


တောင်ကြီးမြို့ရဲ့ သဘာဝအလှမြင်ကွင်း။ (ဓာတ်ပုံ- တောင်ကြီး Facebook)
တောင်ကြီးမြို့ရဲ့ သဘာဝအလှမြင်ကွင်း။ (ဓာတ်ပုံ- တောင်ကြီး Facebook)

ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ ရပ်ကျေး ဒုဥက္ကဋ္ဌကို သတ်သူလို့ သံသယရှိသူတဦးကို ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးချိန်မှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူဟာ ရရှိထားတဲ့ သေနတ်ဒဏ်ရာနဲ့ တောင်ကြီးဆေးရုံမှာ ကွယ်လွန်သွားတယ် လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုပြီး ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှ အရပ်သားတွေကို သတ်ဖြတ်တာတွေ မကြာခနဖြစ်ပျက်နေပြီး ရဲတပ်ဖွဲ့က အခုလို အရေးယူဆောင်ရွက်လာတာကြောင့် တရားဥပဒေစိုးမိုးရေးမှာ အထောက်အကူဖြစ်လာမယ်လို့ ယုံကြည်တယ်လို့ NLD ပါတီ တောင်ကြီးခရိုင် ဥက္ကဋ္ဌက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ် မိုင်းပျဉ်းလက်တက်ရွာက သိမ်းဆည်းခံမြေယာ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေတဲ့ NLD ရပ်ကျေးဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်းဟာ ဒီနှစ် ဇွန်လ ၄ ရက်နေ့က အမည်မသိလူ ၂ ယောက်က ညအချိန် နေအိမ်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရွာအပြင်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုဖြစ်ပွားပြီး သုံးလကျော်အကြာမှာ သတ်ဖြတ်သူအဖြစ် သံသယရှိသူကို ဖမ်းဆီးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဟိုပုန်းမြို့ မြို့မရဲစခန်းက ဒုရဲအုပ် ကျော်မင်းစိုးက ပြောပါတယ်။

“ဦးဆွေဆိုတာ သံသယရှိသူ တရားခံပေါ့နော်။ ရဲကလည်း အမှုစစ်ဖို့ဆိုပြီးတော့ အကြိမ်ကြိမ်ဆင့်ခေါ်တယ်။ သူမလာဘူး။ ရှောင်နေတာပေါ့လေ။ အဲဒီနေ့က အမှုစစ်နဲ့အဖွဲ့ဆိုတာ၊ အမှုစစ်က ရဲအုပ် စိုင်းနော်ခမ်းနောင်လေ။ သူနဲ့အဖွဲ့က ၁၂ ရက်နေ့ တနာရီခွဲမှာ အဲဒီရွာကိုသွားတော့ သူနဲ့တွေ့တယ်။ တွေ့တော့ သူက ထွက်ပြေးသွားတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေကို မြင်တဲ့အခါ အိမ်အတွင်းထဲကိုဝင်ပြီးတော့ အိမ်နောက်ဖေးပေါက်ကနေ ပြေးသွားတယ်။ မပြေးဖို့တားတယ်။ တားလို့လည်း မရဘူး။ မရတော့ ပထမဆုံး ရဲအုပ်စိုင်းနော်ခမ်းက သူ့မှာပါလာတဲ့ ခြောက်လုံးပြူးနဲ့ ပထမတချက်ကတော့ မိုးပေါ်ထောင်ဖောက်တယ်ပေါ့။ သတိပေးလိုက်တာပေါ့နော်။ မရတော့ ခြောက်လုံးပြူးနဲ့ ပစ်မိလိုက်တယ်၊ သိလား။ ပစ်မိတော့ ကျနော်တို့က တောင်ကြီးဆေးရုံခေါ်သွားတယ်။ ဆေးရုံအရောက်မှာ သူဆုံးသွားတယ်နော်။ ”

ရဲတပ်ဖွဲ့က လူကြုံနဲ့ ဆင့်ဆိုစာပေးပို့တဲ့အခါ စာယူလာသူတွေကို ဦးဆွေက သေနတ်ပြ ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ကျန်လွတ်မြောက်နေတဲ့ တရားခံတယောက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဒုရဲအုပ် ကျော်မင်းစိုးက ဆက်ပြောပါတယ်။

“ကျန်တဲ့တရားခံတစ်ယောက်က ကျနော်တို့ စုံစမ်းဆဲပဲဗျ။”

သေဆုံးသွားသူဟာ လက်နက်ကိုင်အဖွဲ့အစည်းတခုခုနဲ့ အဆက်အသွယ်ရှိတယ်လို့ ဒေသခံတွေက ယူဆထားပါတယ်။ ဟိုပုန်းမြို့မြောက်ဖက် မိုင် ၃၀ လောက်ကွာဝေးတဲ့ မိုင်းပျဉ်းလက်တက်ရွာ အနီးမှာ အစိုးရစစ်တပ်နဲ့ ပအိုဝ်းဌာနေ ပြည်သူစစ်အဖွဲ့တွေ အခြေစိုက်ထားသလို ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့တွေလည်း လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အခုလို ဖမ်းဆီးလိုက်တဲ့အပေါ်မှာတော့ အမျိုးသားဒီမိုကရေစအဖွဲ့ချုပ် တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့ ပါတီဝင်ကိုမှ မဟုတ်ဘူးပေါ့နော်။ အခြား လက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီးတော့ သာမန်ပြည်သူတွေ၊ တိုင်းရင်းသားတွေအပေါ်မှာ လက်နက်နဲ့ အနိုင်ကျင့်နေတဲ့ဟာတွေကိုတော့ နည်းနည်းတော့ ငြိမ်သက်သွားမယ်လို့ ထင်တယ်လေ။ အရင်တုန်းကဆိုရင် တောကြိုအုံကြားမှာ ဒီလို သတ်ချင်တိုင်းသတ်၊ ဖြတ်ချင်တိုင်းဖြတ်နေတာတွေဟာ တရားခံကို ဖော်ထုတ် ဖမ်းဆီးလေ့မရှိဘူးလေ။ တရားခံပေါ်လေ့မရှိဘူးပေါ့။ အခုကတော့ ဒါ ပထမဦးဆုံးအကြိမ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် တခု ဆိုးဝါးသွားတာကတော့ သေသွားတာပေါ့နော်။”

ရှမ်းပြည်နယ် နမ့်စန်မြို့နယ် မီးသွေးကုန်းကျေးရွာမှာ မြေယာကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်နေတဲ့ NLD ပါတီဝင်တဦး ဒီနှစ် ဧပြီလ ၂၅ရက်နေ့ သတ်ဖြတ်ခံခဲ့ရပြီး ဒီသတ်ဖြတ်မှုမှာတော့ အခုချိန်ထိ လက်သည် တရားခံကို ဖော်ထုတ်နိုင်တာ မရှိသေးဘူးလို့ ဦးတင်မောင်တိုးက ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အမှုအခင်းတွေမှာ မြေယာသိမ်းဆည်းမှုပြသနာဟာ အများဆုံးဖြစ်ပြီး ဒီသိမ်းဆည်းမှုတွေမှာ အစိုးရစစ်တပ်က ပါဝင်သလို ဌာနပြည်သူ့စစ်တွေကလည်း သိမ်းဆည်းတာရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ NLD ပါတီဝင်တချို့နဲ့ ပအိုဝ်းပြည်သူ့စစ်အကြားမှာ အချင်းများတာတွေ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG