သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas စက်ရုံပေါက်ကွဲမှု ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ဆဲ


 တက္ကဆက် စက်ရုံပေါက်ကွဲမှု ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေကြစဉ် ( ဧပြီ ၁၈၊ ၂၀၁၃)
တက္ကဆက် စက်ရုံပေါက်ကွဲမှု ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေကြစဉ် ( ဧပြီ ၁၈၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓါတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုဟာ တကယ့်ကို အိပ်မက်ဆိုးကြီးမက် သလိုပဲလို့ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက်ပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေက ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးတွေကြားမှာ အသက်ရှင်ကျန်ရစ်မယ့်သူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် West ဆိုတဲ့မြို့ အိမ်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ အတော်များများ ပြိုကျပျက်စီးသွားခဲ့ပါတယ်။

အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူဘယ်လောက်ရှိမယ်ဆိုတာကတော့ အတိအကျ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ၁၅ ယောက်လောက် အထိ သေဆုံးနိုင်ပြီး၊ ဒဏ်ရာရသူဟာ ၁၆၀ ကျော် သွားပြီဖြစ်သလို၊ အတော်များများ လည်း ပျောက်ဆုံးနေတုန်းပဲဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေဟာ တအိမ်ပြီးတအိမ်လိုက်လံရှာဖွေပြီးတော့ ကယ်ဆယ်တာတွေ လုပ်နေတယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။ ၅ ဘလောက် ပတ်ဝန်းကျင်အတွင်းမှာရှိတဲ့ အိမ်ခြေ ၈၀ လောက်ဟာ အတော်လေးကိုထိခိုက်သွားတာ ဒါမှမဟုတ် လုံးဝပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူခဲ့ရသူတွေနဲ့ဆိုင်တဲ့ သတင်းတွေ အတော်များများဟာ အတိအကျပြောဖို့ စောလွန်းနေသေး တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပယ်ရီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

West မြို့ကို အမေရိကန်ဗဟိုအစိုးရရဲ့ အရေးပေါ်ပြဿနာဖြေရှင်းရေး အကူအညီပေးသွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက အလျှင်အမြန်ပြောကြားခဲ့တယ်လို့ မစ္စတာ ပယ်ရီက ပြောပါတယ်။
XS
SM
MD
LG