သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas လွှတ်တော်အမတ် Ted Cruz ၂၀၁၆ သမ္မတရွေးပွဲ ဝင်ပြိုင်မည်


၂၀၁၆ မှာ ရီပတ်ဘလီကင်ပါတီကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တော့မယ်ဆိုတဲ့ အထက်လွှတ်တော်အမတ် Ted Cruz နဲ့ မိသားစု။
၂၀၁၆ မှာ ရီပတ်ဘလီကင်ပါတီကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တော့မယ်ဆိုတဲ့ အထက်လွှတ်တော်အမတ် Ted Cruz နဲ့ မိသားစု။

၂ဝ၁၆ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း Texas ပြည်နယ်က အထက်လွှတ်တော်အမတ် Ted Cruz က တနင်္လာနေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။

တနင်္ဂနွေနေ့ည သန်းခေါင်ကျော်အချိန်က Twitter လူမှုကွန်ယက်ကတဆင့် သူ့အနေနဲ့ သမ္မတအဖြစ် ဝင်ရောက်အရွေးခံဖို့ တနင်္လာနေ့မှာ တရားဝင် ကြေညာမယ်လို့ သတင်းထုတ်ပြန်အပြီး Virginia ပြည်နယ်အတွင်းမှာရှိတဲ့ ခရစ်ယာန် ကျမ်းစာကျောင်း Liberty တက္ကသိုလ်မှာ ဒေသစံတော်ချိန် တနင်္လာနေ့ မနက်ပိုင်းက အဲဒီလို တရားဝင် ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

Tea Party လို့် ခေါ်တဲ့ လက်ရှိ အမေရိကန်နိုင်ငံရေးလမ်းကြောင်းအပေါ် မကျေနပ်သူ အစွန်းရောက် နိုင်ငံရေးအင်အားစုတွေရဲ့ ထောက်ခံအားပေးမှုနဲ့ တက်လာသူ၊ ရီပတ်ဘလီကန်ပါတီဝင် Ted Cruz အနေနဲ့ အထက်လွှတ်တော်မှာ လွှတ်တော် သက်တမ်း တခုသာ တာဝန်ထမ်းဆောင်ရသေးတာ ဖြစ်တဲ့အတွက် သမ္မတ အိုဘားမားလို ရလာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သူတဦးအဖြစ် နှိုင်းယှဉ် ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

သူသာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရရင် သမ္မတအိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ပြန်လည် ရုပ်သိမ်းနိုင်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမယ်လို့ သမ္မတအဖြစ်ဝင်အရွေးခံမယ့်အကြောင်း ပြောကြားတဲ့မိန့်ခွန်းအတွင်း Ted Cruz က ထည့်သွင်း ပြောဆိုသွားပါတယ်။

ခရစ်ယာန် ကျမ်းစာကျောင်း Liberty တက္ကသိုလ်မှာ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း အခုလို ပြောဆိုတာဟာ သူ့ကို ထောက်ခံကြတဲ့ ပါတီဝင်တွေကို လက်ဦးမှုရယူပြီး စည်းရုံး သိမ်းသွင်းနိုင်အောင် ကြိုးစားလုပ်ဆောင်ချက်အဖြစ်လည်း ရှုမြင်ကြပါတယ်။

ရီပတ်ဘလီကန်ပါတီကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တခြား အလားအလာရှိပြီး ထိပ်မှာပြေးနေသူတွေကတော့ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ သမ္မတ George W. Bush ရဲ့ ညီလည်းဖြစ်တဲ့ Jeb Bush ၊ Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker ၊ Texas ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Rick Perry နဲ့ အထက်လွှတ်တော်အမတ် Rand Paul တို့လည်း ပါဝင်ပါတယ်။

XS
SM
MD
LG