သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် Ted Cruz ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုရပ်ဆိုင်း


အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း Indiana ပြည်နယ်မှာ ပြုလုပ်တဲ့ ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ ရီပတ်ဘလစ်ကန်ပါတီတွင်း ရှေ့ကနေ ဦးဆောင်နေတဲ့ ဘီလီယံနာသူဌေးကြီး Donald Trump က အပြတ်အသတ် အနိုင်ရမယ်လို့ အမေရိကန် ရုပ်မြင်သံကြားသတင်းတွေမှာ ခန့်မှန်းပြောဆိုနေချိန်မှာပဲ ပြိုင်ဘက်ဖြစ်တဲ့ အထက်လွှတ်တော်အမတ် Ted Cruz အနေနဲ့ သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ ဆက်ပြီး ပြိုင်တော့မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲယှဉ်ပြိုင်မှုကို ရပ်ဆိုင်းလိုက်ပေမဲ့ အမေရိကန်ပြည်သူတွေရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုကိုတော့ ရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူးဆိုပြီး သူ့ကို ထောက်ခံသူတွေကို Ted Cruz က ပြောဆိုပါတယ်။

Donlad Trump ဟာ သူ့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက် Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကို အပြတ်အသတ် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ရပြီး တခြား ပြိုင်ဘက်တဦးဖြစ်တဲ့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich ကတော့ တတိယနေရာမှာ အပြတ်အသတ် ကျန်ရစ်ခဲ့ပါတယ်။

ဒီမိုကရက်ပါတီဘက်မှာတော့ - ပါတီတွင်း ရွေးချယ်မှုတွေ မတိုင်ခင်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ပြိုင်ဘက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders တို့ ၂ ဦးဟာ သူမသာ ကိုယ်မသာ ဖြစ်နေတယ်လို့ ဖော်ပြကြပေမဲ့ လောလောဆယ် မဲတွေ တဝက်လောက် ရေတွက်ပြီးတဲ့အချိန်မှာတော့ Bernie Sanders က အနည်းငယ် အသာစီး ရနေပါတယ်။

Indiana ပြည်နယ် ရွေးကောက်ပွဲကနေ သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ့် ကိုယ်စားလှယ် ၄၂ ယောက်ကို Donald Trump ရသွားနိုင်ပါတယ်။ ဒီ ၄၂ ယောက်ရရုံနဲ့ လိုအပ်တဲ့ ကိုယ်စားလှယ် အရေအတွက် ၁၂၃၇ ယောက်ကို မရပေမဲ့လည်း ဂျူလိုင်လ ကျင်းပမယ့် ရီပတ်ဘလစ်ကန် ပါတီညီလာခံမှာ အမည်စာရင်း တင်သွင်းခံရသူအဖြစ် ကြိုတင်ခန့်မှန်းနိုင်ပြီလို့ သူ့ကိုယ်သူနဲ့ ထောက်ခံသူတွေ ကြေညာနိုင်မှာ ဖြစ်ပါတယ်။

လယ်ယာလုပ်ငန်းနဲ့ စက်မှုလုပ်ငန်းတွေရှိပြီး ကွန်ဆာဗေးတစ် အများအပြား နေထိုင်တဲ့ Indiana ပြည်နယ် ပဏာမရွေးကောက်ပွဲမှာ အနိုင်ရပြီဆိုရင် သူ့အနေနဲ့ ဆက်ပြိုင်စရာ မလိုတော့ဘူး။ အနိုင်ရနေပြီဆိုပြီး Donald Turmp က ထောက်ခံသူတွေကို မဲဆွယ်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG