သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ် ထိုးမယ့် တိုင်းရင်းသား အဖွဲ့ တချို့ စစ်ရေး တင်းမာ


ရှမ်းပြည်နယ်
ရှမ်းပြည်နယ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုး ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ ကာလမှာ NCA ကို ပါဝင် လက်မှတ်ရေးထိုး မယ့် ရှမ်းနဲ့ ပအိုဝ်းအဖွဲ့တွေအကြားမှာ စစ်ရေးအရ တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီစစ်ရေးတင်းမာမှုဟာ နယ်မြေ စိုးမိုးမှုအပေါ် အခြေခံဖြစ်ပွားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ကတော့ နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကတူးကြီးဒေသမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းအကြား တင်းမာနေတာဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေကို PNLO အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

"မနေ့တုန်းကတော့ အောက်တိုဘာလ ၈ရက်နေ့မှာ RCSS က ဗိုလ်မှူးကြီး ရွက်ဖက သူက အခုကျနော်တို့ လက်ရှိ အခြေပြုဒေသ ကနေ ကွန်ကျောင်းအနောက်ဘက်ကို ဆုတ်ပေးဖို့ပေါ့လေ PNLO အခြေပြုတပ်စခန်းကို လာပြီးတော့မှ အကြောင်းကြားခိုင်းပါတယ်။ အဲ့လိုအကြောင်းကြားပြီး အင်အားသုံးရာကျော် လေးရာလောက် နဲ့ ကျနော်တို့ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်း တည်ရှိတဲ့ နေရာ တပ်စခန်းအသီးသီးမှာ လာပြီးတော့မှ ဝိုင်းထားပါတယ်။"

လက်ရှိအငြင်းပွားဒေသဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲချိန်က သတ်မှတ်ထားတဲ့ နယ်မြေဖြစ်တယ်လို့လည်း ဦးခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။

"အစိုးရနဲ့ ကျနော်တို့အကြား ပြည်နယ်အဆင့် သဘောတူညီချက် ပြည်ထောင်စု အဆင့် သဘောတူညီချက်တွေထဲမှာ ကျနော်တို့အတွက် အခြေပြု ဒေသ အနေနဲ့ နှစ်ဖက်သဘောတူညီချက်နဲ့ သတ်မှတ် ထားတာဖြစ်ပါတယ်။ နောက်တခု ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကြားမှာ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်တွေကို ထပ်လောင်းပြီးတော့မှ အတည်ပြုတယ် ထပ်လောင်းပြီးတော့မှ ခိုင်မာစေခြင်းဆိုတဲ့ အချက်ပါပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ နှစ်ဦးနှစ်ဘက် biliteral agreement မဟုတ်တော့ပဲနဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြစ်လာတော့မှာဖြစ်ပါတယ်။ ကျနော်တို့ PNLO နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို RCSS က လေးစားလိုက်နာရမှာဖြစ်သလို RCSS က ပြည်ထောင်စု အစိုးရနဲ့ ချုပ်ဆိုထားတာတွေကိုလည်း ကျနော်တို့က လေးစား လိုက်နာပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ဒီကာလမျိုးမှာ ဒီလိုပဋိပက္ခမျိုးက မဖြစ်သင့်ဘူးလို့ ကျနော်တို့ အဲ့လိုပဲ မြင်ပါတယ်။ "

လက်ရှိ တင်းမာနေတဲ့ အခြေအနေကို ဖြေရှင်းဖို့အတွက် အစိုးရ ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီကို အကြောင်းကြား ထားတယ်လို့လည်း ပြောပါတယ်။

RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းလှကတော့ ဒီလိုစစ်ရေး အရ တင်းမာနေတဲ့ အခြေအနေကို သေချာ မသိရသေးကြောင်း ပြောပါတယ်။

" ဒီသတင်းကိုတော့ ကျနော်တို့ဆီမှာ အစီရင်ခံစာ ရောက်ရှိထားတာ မရှိသေးပါဘူး။ အရင်တုန်းကတော့ ညှိနှိုင်းကြပါပဲ ပြောပါတယ်။ ဘာဖြစ်လဲဆိုတော့ NCA မပြီးခင်မှာ နေရာချထားရေးတွေကို အားလုံးမပြင်နိုင်သေးတဲ့အချိန်မှာ စီမံကိန်းတွေ မလုပ်သေးပါနဲ့ဦး ဆိုတဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးထားတာ ညှိနှိုင်းထားတာရှိတယ်။ အဲ့တာ အားလုံး နားလည်မှုတွေ ရထားတဲ့အချိန် နေရာချထားရေးတွေ ဖြစ်လာတဲ့ အချိန် နောက်ပိုင်းမှာ ကျနော်တို့ ညှိနှိုင်း လုပ်ဆောင်ကြရအောင် ဆိုတဲ့ ပုံစံမျိုးနဲ့တော့ ဆွေးနွေးထားတာရှိပါတယ်လို့ ကျနော် ကြားဖူးပါတယ်။"

RCSS/SSA ဖက်ကတော့ တွေ့ဆုံညှိနှိုင်းဖို့ လိုလားကြောင်းလည်း ဆက်ပြောပါတယ်။

" အဓိက ကတော့ ညှိနှိုင်းဖို့ပဲ လိုအပ်ပါတယ်။ အရင်တုန်းကတော့ သဘောတူညီချက်တွေ ရရှိထားတဲ့အတိုင်း အားလုံးအတူတူ အေးအတူ ပူအမျှ နေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေတော့ ဖြစ်စရာ မရှိဘူးဆိုရင်တော့ ပိုကောင်းပါတယ်။ အဓိက ကတော့ တွေ့ဆုံညှိနှိုင်းကြ တာပဲ ကောင်းပါတယ်။"

လွန်ခဲ့တဲ့နှစ် သြဂုတ်လကလည်း နယ်မြေစိုးမိုးရေးနဲ့ပတ်သက်ပြီး နှစ်ဖက်အကြား သဘောထား ကွဲပြားတာတွေဖြစ်ခဲ့ဖူးသလို စက်တင်ဘာလဆန်းမှာတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာနဲ့ မြေမြုပ်မိုင်းအသုံးပြုတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာရှိခဲ့ပါတယ်။

လက်ရှိအငြင်းပွားနေတဲ့ဒေသဟာ အရင်က ပအိုဝ်းနီခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) က သူတို့ လှုပ်ရှားနယ်မြေအဖြစ် သတ်မှတ် ခဲ့တာဖြစ်ပါတယ်။၁၉၉၄ခုနှစ်မှာ ရလလဖက အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီး၂၀၀၇ခုနှစ် မှာ အဖွဲ့တွင်း အကွဲအပြဲတွေဖြစ်ခဲ့တဲ့နောက် RCSS/SSA တောင်ပိုင်း က မောက်မယ်ဒေသကို သူတို့ ထိန်းချုပ်နယ်မြေအဖြစ် စိုးမိုးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG