သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသတချို့ စစ်ရေးတင်းမာဆဲ


TNLA တပ်ဖွဲ့ဝင်များ။
TNLA တပ်ဖွဲ့ဝင်များ။

ဒီကနေ့ မနက်ပိုင်းမှာ တအာင်းဒေသ မူဆယ်မြို့နယ်ထဲ ကိုးကန့်တပ်တွေနဲ့ စစ်မဟာမိတ်ဖွဲ့ ထားတဲ့ တအာင်းတပ်နဲ့ မြန်မာ့စစ်တပ်ကြား တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ် တွင်း ရခိုင်ပြည်တပ်မတော်နဲ့ အစိုးရတပ်ကြား နှစ်ဖက် ထိန်းသိမ်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းချင်း လဲလှယ်ဖို့ကို စီစဉ်ဆောင်ရွက်နေပါတယ်။ အခုလက်ရှိဖြစ်ပျက်နေတဲ့ တိုင်းရင်းဒေသအချို့က စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်လို့ ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့နဲ့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသားညီလာခံမှာ ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။ အသေးစိတ် မဆုမွန် စုစည်း တင်ပြပေးထားပါတယ်။

ဒီကနေ့ ဧပြီလ ၂၇ရက်နေ့ မနက် ၄နာရီခွဲလောက်ကနေစလို့ တအောင်းဒေသ၊ မူဆယ်မြို့နယ်တွင်းက နမ့်ကတ်ကျေးရွာအနီး တအာင်း တပ်မတော် စစ်အခြေစိုက်စခန်းရှိရာကို မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်ပြီး နှစ်ကြိမ်တိတိတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။ ဒီနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပါအဝင် ၂၀၁၅ခုနှစ်အတွင်း တိုက်ပွဲပေါင်း အကြိမ်ငါးဆယ်ကျော် ရှိနေပြီလို့ တအာင်းတပ်မတော်ပြောခွင့်ရ နိုင်ငံခြားရေးရာမှူး တာပန်လှကပြောပါတယ်။

“ဒီကနေ့ မနက် မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာနားမှာ အခြေချပြီးတော့ လှုပ်ရှားနေတဲ့ ကျနော်တို့တပ် (၁၀၁) ပေါ့နော်။ ကျနော်တို့ တပ်ရင်းကို အစိုးရတပ်ဘက်က တပ်မ (၇၇)က မနက်ခင်း လေးနာရီခွဲ ဝင်ရောက်လာပြီးတော့ တိုက်ခိုက်ပါတယ်ခင်ဗျ။ ခန နားပြီးတော့ ခြောက်ခွဲကနေပြီးတော့ ခုနှစ်နာရီ လေးဆယ် လောက်အထိပါ။ အစိုးရဘက်က အခြေအနေကတော့ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတာ အနည်းအကျဉ်းရှိပါတယ်။ ဒီနေ့အထိဆိုရင်တော့ ကျနော်တို့ဆီမှာ တိုက်ပွဲဖြစ်ပွားတာ အကြိမ်ငါးဆယ်ကျော်၊ ခြောက်ဆယ်ဝန်းကျင်လောက်ရှိနေပါပြီ။”

တအာင်းတပ်မတော်ဟာ ကိုးကန့်တပ်နဲ့ နယ်မြေအတွင်း စစ်မဟာမိတ်တပ်အဖြစ် ကူတိုက်ပေးနေတာဖြစ်ပါတယ်။

“ ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ဘက်က ၂၀၁၄ လောက်ကတည်းက ကိုးကန့်တပ်တွေနဲ့ပူးပေါင်းပြီးတော့ လှုပ်ရှားမှုတွေရှိပါတယ်ခင်ဗျ။ ပြီးတော့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်တွေ ဖြစ်တော့ အပြန်အလှန် ကူညီတာမျိုးတွေ ရှိပါတယ်။”

ဒေသတွင်း အမှန်တကယ်ငြိမ်းချမ်းဖို့ဆိုရင် ထိုးစစ်ဆင်နေတာကို ရပ်တန့်ပစ်ဖို့လိုပါတယ်လို့ တအာင်းတပ်ဘက်ကပြောပါတယ်။

“အစိုးရတပ်ဘက်က သူတို့မှာ ရှိသမျှ အင်အားနဲ့ အကုန်လုံး နေရာအနှံ့ပေါ့နော်။ လိုက်လံပြီးတော့ တပ်နေရာတွေ ချထားတယ်။ ပိုက်စိပ်တိုက် လိုက်ပြီးတော့ လိုက်တိုက်ခိုက်နေတာမျိုးတွေရှိတယ်ခင်ဗျ အဲ့တာကြောင့် တိုက်ပွဲတွေက မကြာခန ပြန်ဖြစ်ရတယ်။ ကျနော်တို့ဘက်က အထူးသဖြင့် ဒီရာသီမျိုးဆိုရင် ကျနော်တို့ဘက်က တတ်နိုင်သလောက် တိုက်ပွဲရှောင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီရာသီဆိုရင် ပလောင်တောင်သူတွေ လဖက်ခူးတဲ့အချိန်ဖြစ်တော့ ကျနော်တို့ဘက်က တတ်နိုင်သလောက် တိုက်ပွဲမဖြစ်အောင် ရှောင်ပါတယ်။ ဒါပေမဲ့ ဒီနေ့လို ရှောင်လို့မရတဲ့အနေအထားမှသာ ကျနော်တို့ဘက်က ပြန်လည်ပြီး တိုက်ခိုက်ရတာမျိုး ရှိပါတယ်။”

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်တပ်မတော်(AA)နဲ့ မြန်မာစစ်တပ်ကြား တိုက်ခိုက်မှုတွေကြောင့် ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံရပြီး တိုက်ပွဲပြင်းထန်တဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရသလို တိုက်ပွဲတွေအတွင်း ပိတ်မိနေတာတွေလည်းရှိခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့လို့ နယ်မြေအတွင်း စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ရခိုင်ပြည်တပ်မတော်(Arkhan Army) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကပြောပါတယ်။

“ အခုကတော့ ငြိမ်နေတယ်။ အစိုးရကတော့ နယ်မြေရှင်းလင်းမှု လုပ်နေတယ်။ ဒါပေမဲ့ ရခိုင်တပ်မတော်ဝင်တွေကတော့ ခိုအောင်းနိုင်တဲ့နေရာတွေမှာ အခိုင်အမာ တပ်စွဲမယ်လို့ ချထားတယ်။ တိုက်ပွဲတွေဖြစ်ရတာ ကျနော်တို့ ရခိုင်တပ်မတော်က ဒီနှစ်ပိုင်းမှာ ကျနော်တို့ ရခိုင်ပြည်နယ် အနောက်ဖက်စစ်မျက်နှာမှာ အခြေချဖို့ကြိုးစားတယ်။ အဲ့တာကို သူတို့အနေနဲ့ ဖက်ဒရယ်ယူနီယံ Army ဖက်ဒရယ်တပ်မတော်အနေနဲ့ ပေါ်ပေါက်လာမှာကိုလည်း သူတို့စိုးရိမ်ပုံရတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေ ပြည်သူတွေနဲ့ နီးစပ်မှာကိုလည်း တော်တော်လေးကို စိုးရိမ်ပုံရပါတယ် ခင်ဗျ။ အဲ့ဒီ့အခြေအနေမှာ နယ်မြေရှင်းလင်းဖို့ စလုပ်တယ်။ အဲ့တာပါပဲ။ အဲ့ဒီ့ကနေ ထိတွေ့မှုစဖြစ်တယ်။”

မြန်မာ့တပ်မတော်ဘက်က ကျောက်တော်မြို့နယ် စပါးဆိပ်-ကုလားချောင်းနယ်မြေ တဝိုက် ၊ ကျောက်တော် မြောက်ဘက် ဇင်ချောင်းရွာ ၊ ပင်လုံကျေးရွာ စတဲ့ နေရာတွေမှာ အသေးစိတ် နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့ပြီး ရခိုင်လက်နက်ကိုင် အချို့ကို လက်နက်နဲ့တကွ ထိန်းသိမ်းဖမ်းဆီးရမိတယ်ကြောင်း အစိုးရဘက်က သတင်းဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုလိုအခြေအနေမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး မသင်္ကာသူမှန်သမျှ ထိန်းသိမ်းနေတဲ့ လုပ်ရပ်ကိုလည်း ရပ်တန်းကရပ်ဖို့နဲ့ ရခိုင်တပ်မတော်(AA) ဘက်က ထိန်းသိမ်းထားတဲ့သူတွေနဲ့ မြန်မာစစ်တပ်က ထိန်းသိမ်းထားသူတွေကြား စစ်သုံ့ပန်းလဲလှယ်မှုလုပ်ဖို့ စီစဉ်နေတယ် လို့ ရခိုင်ပြည်တပ်မတော်(Arkhan Army) စစ်ဦးစီးချုပ် က ပြောပါတယ်။

“အဲ့တာ သူတို့နဲ့ တရားဝင်ပေါ့နော်။ နိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့် လဲလှယ်သွားမယ် အဲ့လိုစဉ်းစားချက်ရှိပါတယ်ခင်ဗျ။ ဒီဘက်က ထိန်းသိမ်းထားတာကတော့ ကျနော်တို့ ရတဲ့စာရင်းအရ ၇ယောက်လောက်ရှိတယ်။ ဗိုလ်ကြီးတယောက်ပါဝင်တယ်လို့သတင်းရတယ်။ ဟိုဘက်က ထိန်းသိမ်းထားတာကတော့ အရပ်သား ၆၅ယောက်ဝန်းကျင်ရှိပါတယ်။ အဲ့ဒီ့အပြင် တိုက်ပွဲဝင် ၇ယောက်လောက် ဖမ်းဆီးထားတာရှိတယ်ခင်ဗျ။

ဘယ်နိုင်ငံ၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ပါစေ တပ်မတော်ပဲဖြစ်စေ စစ်တပ်ပဲဖြစ်ဖြစ် ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်စေ ဒီနေ့ခေတ် ဒီနေ့အချိန်မှာ ဘယ်သူမှ ကျင့်သုံးတော့တဲ့ကိစ္စတွေ မဟုတ်တော့ဘူးခင်ဗျ။ အရပ်ဖက်ပစ်မှတ်ကို မတိုက်ခိုက်ရဘူး။ တကယ့်စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်ပဲဖြစ်နေဦးတော့ အရပ်ဖက်အဝတ်အစား ဝတ်ထားတယ်။ လက်နက်ကိုင်ထားတာမရှိဘူး။ ပြန်မတိုက်ဘူးဆိုရင် အဲ့တာတွေကို မတိုက်ခိုက်ရဘူးဗျ။ ဒါ Military Code of Conduct ပါ။ အဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့ပြောချင်တာက ကျနော်တို့ NCA ရေးထိုးတဲ့အပိုင်းမှာ Nationwide Ceasefire Agreement ရေးထိုးတဲ့အခါ Military Code of Conduct တွေပါလာမယ်။ အဲ့လိုပါလာမယ့်အတွက် အခုဖြစ်နေတဲ့ကိစ္စတွေဟာ တော်တော်လေးကို ယုံမှားသံသယဖြစ်စရာ ရှိပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်ဘက် အခုလက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီးလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုထားပေမဲ့ အစိုးရဘက်က အခုထိ တစုံတရာ တုန့်ပြန်တာမရှိဘူးလို့ ရခိုင်ပြည်တပ်မတော်စစ်ဦးစီးချုပ်က ပြောပါတယ်။

XS
SM
MD
LG