သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲ အဖမ်းအဆီး


ရခိုင်ပြည်နယ် သံတွဲမြို့ ရဲလုံခြုံရေးများ နေရာယူထားစဉ်။ (အောက်တိုဘာလ ၁၊ ၂၀၁၃)။
ရခိုင်ပြည်နယ် သံတွဲမြို့ ရဲလုံခြုံရေးများ နေရာယူထားစဉ်။ (အောက်တိုဘာလ ၁၊ ၂၀၁၃)။
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်နေဆဲဖြစ်သလို အဖမ်းအဆီးသတင်းတွေလည်း ရရှိထားပါတယ်။ အောက်တိုဘာလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်းက လူ ၆ ယောက်ကို ဖမ်းဆီးသွားပြီး အဲ့ဒီထဲမှာ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP သံတွဲမြို့ဥက္ကဋ္ဌလည်း ပါဝင်တယ်လို့ သံတွဲမြို့ RNDP ပါတီရုံးခွဲ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အကြမ်းဖက်မှုတွေကို တားဆီးဖို့ အစိုးရအနေနဲ့ လိုအပ်တာမှန်သမျှ လုပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောခဲ့ပေမဲ့လည်း သံတွဲမြို့ခံတွေကြားမှာတော့ လုံခြုံရေးပိုင်း စိုးရိမ်မှုတွေ ရှိနေ ကြတယ်လို့ RNDP တာဝန်ရှိသူကပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

သံတွဲမြို့နဲ့ ၁၆ မိုင်နီးပါးဝေးတဲ့ သဗြုချိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုန်းရင်းဆန်ခတ် အကြမ်းဖက်အခြေအနေတွေကနေ လူအသေအပျောက် ရှိတဲ့ထိ ဖြစ်ခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းတာတွေလည်း ရှိလာနေတာပါ။ အခု နောက်ဆုံးထိ သိထားရတာကတော့ သံတွဲမြို့ RNDP ပါတီရုံးခွဲဥက္ကဋ္ဌ ဦးစောလှိုင် (ခ) ဦးမောင်ပု အပါအဝင် ခြောက်ဦးကို ဗုဒ္ဓဟူး နေ့ညဘက်မှာ ဖမ်းသွားတယ်ဆိုတာပါပဲ။ ဦးစောလှိုင်ကို ဖမ်းသွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သံတွဲ RNDP ပါတီ အတွင်းရေးမှူး ဦးမောင်မောင်ဖြူက ဗွီအိုအေကို ရှင်းပြ ပါတယ်။

"RNDP က ဥက္ကဋ္ဌတယောက်လည်းပါပါတယ်။ ကျန်တဲ့သူတွေက အဖွဲ့အစည်းတွေကပါ။ ကျန်တဲ့သုံးယောက်က အမျိုးဘာသာ၊ သာသနာထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးကပါ။ ..ဦးစောလှိုင်ကို မနေ့က ၁၁နာရီလောက်က ခေါ်သွားတယ်။ အကြောင်းပြတာကတော့ ရဲနှစ်ယောက်လာပြီးတော့တဲ့ လူချည်းပဲ တွေ့စရာရှိတယ်ဆိုပြီး ခေါ်သွားတာပါ။ ကျနော်တို့က မနက် ခြောက်နာရီထိုးပြီးတာနဲ့ ရဲစခန်းကိုသွားတယ်။သွားပြီး ရဲစခန်းမှာ စခန်းမှူးကိုမေးတယ်။ စခန်းမှူးလာရင်မေးပါဆိုလို့မေးတော့ စခန်းမှူးက သူမသိပါတဲ့။ အဲ့ကိစ္စကို လူကြီးတွေက ခိုင်းလို့သာ သူလုပ်ရတာပါတဲ့။ ပြီးရင် ခရိုင်ရဲမှူးကိုမေးပါတဲ့။ ခရိုင်ရဲမှူးကို ကျနော်သွားမေးတယ်။ သွားမေးတော့သူလည်း ဘာမှ မသိပါဘူးတဲ့။ အထက်ကဖမ်းခိုင်းလို့ဖမ်းတာပါတဲ့။ အဲ့တော့ ကျနော်က မေးတယ်။ ခရိုင်ရဲမှူး အထက်ဆိုတာ ဘာလဲ၊ အထက်ဆိုတာ နေပြည်တော်ကိုပြောတာတဲ့။ နေပြည်တော်က သူတွေ ဖမ်းခိုင်းလို့ဖမ်းတာတဲ့။ သူတို့လည်း ဘာမှ မသိသေးဘူး။ အခုအအချိန်အထိတဲ့။ "

သံတွဲမြို့ပေါ်မှာ ဒီကနေ့ အခြေအနေတွေ တည်ငြိမ်နေပေမဲ့လည်း အခုနောက်ဆုံး အဖမ်းအဆီးတွေကြောင့် ဘာဆက်ဖြစ်လာမလဲ၊ ဘယ်သူတွေ ထပ်ပြီး အဖမ်းခံရဦးမလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ထိတ်လန့်မှုတွေ ရှိနေကြတယ်လို့ ဦးမောင်မောင်ဖြူက ပြောပါတယ်။

အရောင်းအဝယ် အသွားအလာတွေ ရှိနေပေမဲ့လည်း လုံး၀ ပုံမှန်နီးပါး အခြေအနေထိတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ မြို့လုံခြုံရေး ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူထားပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ချထားတာကိုတွေ့ရပေမဲ့လည်း မြို့ခံတွေကြားမှာ လုံခြုံမှုရှိတယ်လို့ ခံစားကြရပုံမပေါ်တာကို ဦးမောင်မောင်ဖြူ ပြောဆိုချက် တစ်ခုက ထင်ဟပ်နေပါတယ်။

"လုံခြုံရေးအားနည်းမှုကြောင့် ဒီပြဿနာတွေဖြစ်လာတယ်။ ဖြစ်လာပြီးတော့ သူတို့ဖမ်းတဲ့အခါမှာလည်း ဘာမှ မဆိုင်တဲ့သူတွေကို သွားဖမ်းတယ်။ အဲ့တာမျိုးတွေ ကျနော်အနေနဲ့မြင်တယ်။ ကျနော်အနေနဲ့ အဲ့တာမျိုးတွေ သုံးသပ်တာပေါ့နော်။ လုံခြုံရေးက ချထားတာပဲ အစ်ကိုရာ၊ လုံခြုံရေးက လုံခြုံမှုရှိတယ်၊ မရှိတယ်ဆိုတာ ပြောလို့မရဘူး။ ဘယ်နေရာ ဘာဖြစ်လာမလဲ၊ မဖြစ်ဘူးလား၊ ဖြစ်မလားဆိုတာ ကျနော်တို့လဲ ကြိုပြောလို့မရဘူးလေ။"

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ လုံခြုံရေးတာဝန်ရှိသူတွေက လုံလောက်တဲ့ အရေးယူလုပ်ဆောင်မှု မရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေကို ပယ်ချပါတယ်။ အကြမ်းဖက်မှုတွေကို တားဆီးဖို့ အစိုးရအနေနဲ့ လိုအပ်တာမှန်သမျှ လုပ်သွားမယ် ဆိုတာကို ဗုဒ္ဓဟူးနေ့က AP သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်း တွင်း သူက အခိုင်အမာ ထပ်ပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် အကြမ်းဖက်မှုတွေကို တားဆီးဖို့ အစိုးရအနေနဲ့ လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမှာပါ။ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေ ဒါမှမဟုတ် အစိုးရ စစ်တပ်က ဘာမှမလုပ်ဘူးလို့ မီဒီယာတွေမှာ ပုံဖော်ပြောဆိုနေတာတွေဟာ မမှန်ပါဘူး။ အဲဒီလို လူမှုအဝန်းအဝိုင်းတွေကြား အကြမ်းဖက်တာမျိုးကို အစိုးရဟာ ဘယ်တော့မှ သည်းခံမှာမဟုတ်ဘူးဆိုတာကို သမ္မတကြီးက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။”

သံတွဲမြို့မှာ စက်တင်ဘာလ ၂၉ ရက်နေ့ကဖြစ်ခဲ့တဲ့ သာမန် စကားများရန်ဖြစ်တဲ့ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး အရင်ဆုံး အဖမ်းခံခဲ့ရတယ် လို့ သိထားရသူကတော့ ကမန်အမျိုးသားပါတီဥက္ကဋ္ဌ ဦးကျော်စံလှဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညက နောက်ထပ် အဖမ်းခံရတဲ့ ခြောက်ယောက်နဲ့ဆိုရင် စုစုပေါင်း ခုနစ်ယောက်ထိ အဖမ်းခံထားရပြီဆိုတာကို ပြောနိုင်ပေမဲ့ တခြား ဖမ်းထားသူတွေ ရှိမရှိ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
XS
SM
MD
LG