သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှခရီးသွား ၂ ဦးသေဆုံးမှု မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စစ်ဆေး


ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီ ခရိုင်အတွင်းက Koh Tao (လိပ်ကျွန်း) မှာ ဗြိတိသျှနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကျွန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦးကို ထိုင်းရဲက စစ်ဆေးမေးမြန်းနေပါတယ်။ ဘယ်သူတွေ ဖြစ်ကြတယ်ဆိုတာကိုတော့ ထိုင်းရဲက ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံကို အလည်လာရောက်တဲ့ ဗြိတိသျှနိုင်ငံသား အသက် ၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ နှစ်ဦးဟာ စက်တင်ဘာလ ၁၄ ရက်နေ့က Koh Tao (လိပ်ကျွန်း) မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ တနင်္လာနေ့မှာ သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာတော့ ထိုင်းရဲတွေက ဒီအသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး သူတို့ရဲ့ အိမ်ကိုလည်း ရှာဖွေခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ နေရာအနီးမှာ ပေါက်ပြားတချောင်းလည်း တွေ့ရတာမို့ အခု အသတ်ခံရသူတွေဟာ ပေါက်ပြားနဲ့ ရိုက်နှက်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ထိုင်းအာဏာပိုင်တို့က ယူဆနေကြပါတယ်။ ဆူရတ်ဌာနီခရိုင် ရဲချုပ် Kiattipong Khaosam-ang က အခုလို ပြောပါတယ်။

“အခု အသတ်ခံရသူတွေကို တိုက်ခိုက်ခဲ့တဲ့ ပေါက်ပြားလို သက်သေခံ ပစ္စည်းတွေကို ရဲဘက်က လိုက်လံ စုစည်းနေပါတယ်။ အခု အသတ်ခံရသူတို့ရဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေနဲ့ တခြား သက်သေခံ ပစ္စည်းတွေ ကျနော်တို့မှာ ရှိနေပါပြီ။ အခုတော့ သက်သေခံ ပစ္စည်းအားလုံးကို နောက်ထပ် စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါပြီ။”

အသတ်ခံရသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ရင်ခွဲ စစ်ဆေးဖို့အတွက် ဘန်ကောက်မြို့က ရဲဌာနဆီကို ပို့ပေးထားပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Prayuth Chan-ocha ကလည်း ကမ္ဘာလှည့် ခရီးသွားတွေ ထိုင်းနိုင်ငံတွင်း သွားလာတာမှာ သတိရှိကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုပါတယ်။

“ဒီအဖြစ်အပျက်ဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အစိုးရက ဒီလုပ်ရပ်ကို လက်မခံနိုင်ပါဘူး။ နောက် မီဒီယာတွေအနေနဲ့လည်း နိုင်ငံခြားသားတွေကို ဝိုင်းဝန်းပြီး ရှင်းပြဖို့ လိုပါတယ်။ နေရာဒေသတိုင်းဟာ အမြဲတမ်း ဘေးကင်းလုံခြုံနေတာ မဟုတ်ဘူးဆိုတာကို ဒီလူတွေက မသိကြပါဘူး။ အခု ကျနော်တို့ နိုင်ငံတွင်းမှာ ပြဿနာတွေ ရှိနေဆဲ အချိန်အတွင်း အချိန်တိုင်း နေရာတိုင်းက သူတို့အိမ်လိုဘဲ ဘေးကင်း စိတ်ချရတယ်လို့ ဒီလူတွေက ယူဆနေကြတာပါ။ ဒီအဖြစ်အပျက်အပေါ် ဒေသခံတွေကလည်း လုံး၀ လက်သင့်မခံနိုင် ဖြစ်နေကြပြီး အခုဆို အင်္ကျီအနက်တွေ ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ ရဲနဲ့ စစ်တပ်ကို ကျနော် အမိန့်ပေးထားပါတယ်။”

အခု ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ Koh Tao (လိပ်ကျွန်း) ဟာဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်လည်ပတ်ရာ ထိုင်းပင်လယ်ကွေ့က ကျွန်းတကျွန်းဖြစ်ပြီး ဒီကျွန်းက ဟိုတယ်၊ စားသောက်ဆိုင်တို့မှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အတော်များများ အလုပ်လုပ်ကိုင်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးထူးချစ်ကတော့ ဒီကိစ္စအပေါ်မှာ အခုလို ပြောဆိုပါတယ်။

“တခါတလေကျလို့ရှိရင်တော့ မြန်မာအလုပ်သမားတွေကိုယ်တိုင်က အလားတူ ပြစ်မှုမျိုးတွေ ကျူးလွန်တာကို တွေ့ရတာရှိပါတယ်။ နောက်တခုကလည်း သူတို့ကိုယ်တိုင် အဲ့လိုမျိုး ခံရတာရှိတယ်လေ။ ကျနော်တို့ ပြီးခဲ့တဲ့လတုန်းကဆိုရင် ကျနော်တို့နားမှာပဲ မြန်မာအလုပ်သမား ၂ ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ ရှိတာပဲ။ ကျနော်တို့ကိုယ်တိုင် အမြဲတမ်းပြောတယ်။ မြန်မာတွေ အသတ်ခံရတဲ့အချိန်မှာ အစိုးရက သိပ်ပြီးတော့ ထိထိရောက်ရောက် မလုပ်တော့ ထိုင်းအစိုးရအနေနဲ့ သိပ်ပြီးတော့ အရေးယူ ဆောင်ရွက်မှုတွေ မရှိဘူး။ အခု နိုင်ငံခြားသား ၂ ယောက်သေတော့ ထိုင်းဝန်ကြီးချုပ်ကအစ ထုတ်ဖော်ပြောလာတာမျိုးတွေ ကျနော်တို့ ကြားရတယ်။”

အခုလို ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၃ ဦးကို ထိုင်းရဲက စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတဲ့ ကိစ္စကိုတော့ ဘန်ကောက်မြို့ မြန်မာသံရုံးက မသိရှိရသေးကြောင်း အလုပ်သမား သံအရာရှိက ဗွီအိုအေကို ဖြေကြားပါတယ်။

XS
SM
MD
LG