သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်မှာ မြန်မာ စစ်သားတချို့သေဆုံး


ထိုင်း-မြန်မာနယ်စပ် ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲက နန်မတွန်ကျေးရွာဘက်မှာ မြန်မာအစိုးရစစ်တပ်က တပ်ဖွဲ့တဖွဲ့ကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်ဘက်မှာ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်တဲ့အဖွဲ့ဟာ ဘယ်သူတွေဆိုတာ အတည်မပြုနိုင်သေးပေမဲ့ ဒေသခံတွေ ကတော့ မူးယစ်ဆေးဝါးနဲ့ပက်သက်သူတွေရဲ့ လက်ချက်လို့ ယူဆကြပါတယ်။ တိုက်ပွဲဖြစ်တဲ့ဒေသမှာ မြန်မာအစိုးရစစ်တပ်နဲ့ ထိုင်းစစ်တပ်တို့က လုံခြုံရေးယူထားပြီး စိစစ်နေပါတယ်။ ဒီအခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲ နန်မတွန်ကျေးရွာ အရှေ့ဘက်မှာ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေတဲ့ မြန်မာ့တပ်မတော်နဲ့ အမည်မသိ ထိုင်းလက်နက်ကိုင်အဖွဲ့ တဖွဲ့တို့ဟာ ဧပြီလ ၅ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ထိခိုက်မှုများပြားခဲ့တယ်လို့ လုံးဖောကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ဘုတ်ပြင်းဘက်အခြမ်းမှာပေါ့။ နန်းမတွန်အပေါ်မှာ။ သူတို့ ရှမ်း(ထိုင်း)တွေက ကား ၄ စီးနဲ့လာပြီးတော့ ပစ်သွားတယ်လို့ပြောတယ်။ ဆေးခြောက်ခင်းမှာပေါ့။ ၁၅ ယောက်မှာ ၁၃ ယောက်သေတယ်။ ၂ ယောက် ပျောက်နေတယ်။ ဗိုလ်ကြီးနဲ့ ရဲဘော်တယောက်က ဆက်သွယ်လို့ရပြီလို့တော့ ပြောတာပဲ။”

အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နန်မတွန်ဒေသဟာဆိုရင် ထိုင်းနိုင်ငံ ရနောင်းဒေသ ခရပူရီခရိုင်နယ်စပ်နဲ့ မြန်မာဘက်ခြမ်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် ဆန်မကြီးကျေးရွာ အရှေ့ဘက်မှာရှိနေပါတယ်။ ဒီဒေသမှာ ထိုင်းလုပ်ငန်းရှင်တွေ က ရာဘာစိုက်ပျိုးရေးအပြင် မူးယစ်ဆေးဝါးတွေကိုလည်း စိုက်ပျိုးနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ အရင်ဆေးခြောက်စိုက်ခင်းတွေ ဖျက်စီးခဲ့တဲ့နေရာလို့လည်း နန်းမတွန် ဒေသခံတဦးက ပြောပါတယ်။

“နန်မတွန်ဒေသမှာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ (၃၄၂) တပ်ရင်းလို့ ပြောတယ်။ အဲဒီသတင်းကို ဖုံးဖိထားတဲ့ သဘောမှာရှိတယ်။ ဟိုတခါ ဘိန်းတွေ ဆေးခြောက်ခင်းတွေ ဖျက်စီးခဲ့တဲ့နေရာလေ။ ပြီးလို့ရှိရင် ထိုင်းလူမျိုးတွေ အယောက် ၉၀ ကျော်ဖမ်းမိခဲ့တဲ့နေရာမှာ။ အခုလောလောဆယ်ဆယ်မှာကတော့ စစ်ဆင်ရေးအတွက်ဆိုပြီးတော့ (၅၉၂) တပ်ရင်းနဲ့ (၂၆၂) တပ်ရင်းဟာ အခုတိုက်ပွဲဖြစ်နေတဲ့နေရာကို ထပ်မံအင်အားဖြည့်ထားတယ်လို့ပဲ ကြားသိရတယ်။”

အခုလိုဖြစ်ပွားတဲ့ အရေးအခင်းနဲ့ပက်သက်လို့ ခမောက်ကြီးမြို့နယ်ရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကို မေးမြန်းရာမှာ အဆက်အသွယ် မရရှိခဲ့ပါဘူး။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်တွေမှာ လုံခြုံရေးအင်အား တိုးချလာတယ်လို့လည်း အဆိုပါ လုံးဖောကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“တက်သွားပြီ။ ကား ၁၀ စီး၊ ၁၅ စီးလောက်ရှိသွားပြီ။ ဗျူဟာတက်တာ။ ထိုင်းကလည်း ၁၀ စီးလောက်။ ဒီနယ်စပ်မှာ သူတို့ကင်းတွေ ချထားတယ်။”

အခင်းဖြစ်ပွားရာဒေသကို မြန်မာ့တပ်မတော်က အင်အား ၉၀၀ ခန့် ထပ်မံတိုးချထားသလို ထိုင်းကြည်းတပ်ဘက်ကလည်း နယ်စပ်တွေမှာ လုံခြုံရေးတိုးချထားတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒီပစ်ခတ်မှုတွေကြောင့် မြန်မာ့တပ်မတော်ဘက်က ၁၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေကြောင်းကို ထိုင်းလုံခြုံရေးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာလည်း ဖော်ပြခဲ့ပါတယ်။ အခုလိုပစ်ခတ်တဲ့အဖွဲ့ ကိုတော့ သီးခြား အတည်ပြုလို့မရသေးဘူးလို့လည်း ရေးသားထားပါတယ်။
ဒါပေမဲ့ ဒေသခံတွေကတော့ ဒီပစ်ခတ်တဲ့အဖွဲ့ဟာ ယခင်လက်နက်တွေနဲ့တကွ အဖမ်းဆီးခံထားရတဲ့သူတွေ ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြပါတယ်။

“အရပ်သားတွေပဲ။ ကြေးစားတွေပေါ့။ ထိုင်းရဲလည်းမဟုတ်ဘူး။ စစ်သားလည်းမဟုတ်ဘူး။ ထင်ရသလောက်တော့ အရင်သူတို့ ဖမ်းဆီးပြီးတော့ ပြန်လွှတ်လိုက်တဲ့သူတွေလား။ အဲဒီလိုမျိုး ထင်တာပေါ့လေ။ ဒီလုပ်ငန်းနဲ့ပက်သက်တဲ့လူတွေ ဖြစ်နိုင်တယ်ပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ရနောင်းဒေသ ခရပူရီခရိုင် နယ်စပ် မြန်မာဘက်ခြမ်း ကော့သောင်းဒေသ ခမောက်ကြီးမြို့နယ် နန်မတွန်ကျေးရွာ အရှေ့ဘက်မှာ တရားမဝင် ဝင်ရောက်နေတဲ့ ထိုင်းလူမျိုး ၉၂ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုဖမ်းဆီးခဲ့ရာမှာလည်း တရားမဝင်လက်နက် ၃၀ ကျော် ဆေးခြောက်စိုက်ခင်းများနဲ့ တရားမဝင်ကားမျိုးစုံ အစီးရေ ၂၅ စီးကိုလည်း ဖမ်းဆီးရရှိခဲ့ပါတယ်။ ဒီဖမ်းဆီးမှုမှာလည်း မြန်မာစစ်တပ်ဘက်က ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ် လို့လည်း ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေအထဲက ၈၃ ဦးကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ မြန်မာအာဏာပိုင်တွေက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၉ ဦးကိုတော့ ထောင်ဒဏ် ချမှတ်ထားဆဲ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က နန်မတွန်ဒေသဟာ မြန်မာအစိုးရအုပ်ချုပ်မှုနဲ့ အလှမ်းကွာနေတဲ့ဒေသဖြစ်သလို တဘက်နိုင်ငံက ထိုင်းလုပ်ငန်းရှင်တွေက စိုက်ပျိုးရေးလုပ်ငန်းတွေ တရားမဝင်လုပ်ဆောင်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် တရားမဝင်ဆေးခြောက်တွေကိုလည်း စိုက်ပျိုးနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အခုလိုပစ်ခတ်မှုဖြစ်ပွားတဲ့အပေါ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေကို ဖမ်းဆီးရေးအတွက် ထိုင်းစစ်တပ်က ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ စစ်တပ်ဘက်က တောင်းဆိုထားတယ်လို့လည်း ထိုင်းလုံခြုံရေးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာထဲမှာ ဖော်ပြခဲ့ပါတယ်။

အခုလို ဖြစ်ပွားခဲ့တဲ့အရေးအခင်းမှာ ထိုင်းအစိုးရအနေနဲ့ ပါဝင်ပတ်သက်မှု မရှိခဲ့သလို မြန်မာနိုင်ငံနဲ့လည်း နိုင်ငံရေးအရသော်လည်းကောင်း၊ နယ်စပ်ရေးရာအရ သော်လည်းကောင်း တင်းမာမှုမျိုး မရှိခဲ့ဘူးလို့ ထိုင်းအာဏာပိုင်တွေက သဘောထား ထုတ်ပြန်ခဲ့တယ်လို့လည်း ဒီကနေ့ ဘန်ကောက်ပို့စ်သတင်းစာထဲမှာ ဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG