သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ မြန်မာတချို့ ထိုင်းရဲကယ်တင်


ထိုင်းနိုင်ငံတွင်းက ပြည့်တန်ဆာလုပ်ငန်းတွေမှာ လူကုန်ကူးခံရသူ အမျိုးသမီး ၁၃ ဦးနဲ့ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့က ပြည့်တန်ဆာလုပ်ငန်းတွေမှာ ရောင်းစား ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၁၃ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့ဟာ တရားမဝင် ခိုးဝင်လာသူတွေ ဖြစ်တဲ့အတွက် ထိုင်းလူဝင်မှု ကြီးကြပ်ရေးရုံးကနေ ထိုင်း-မြန်မာ နယ်စပ်ကို ပြန်လည်ပို့ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုစိုင်းကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲဌာနမှာ ဖမ်းမိထားတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံခွင့် ရခဲ့ပုံကို အခုလို ပြောပြပါတယ်။

“မသိလို့ သွားမေးတာ။ ညီမတို့ ဘယ်လိုကနေ ဘယ်လိုရောက်လာတာလဲ မေးတဲ့အခါကျတော့ ညီမလေးတို့က ရနောင်းကနေပြီး ရောက်လာတာတဲ့။ အားလုံး ၁၃ ယောက်ရှိတယ်တဲ့။ ညီမတို့က လူကုန်ကူးခံရတာ ဖြစ်ပါတယ်တဲ့ ဆိုပြီးတော့ သူက ၁၀၀၀ ပေးလို့ရှိရင် ဆိုင်ရှင်က ၅၀၀ ဖြတ်တယ်။ ဖြတ်ပြီးတော့ တခါ ၃၀၀ ကိုလည်း ဘာဖိုး ညာဖိုးဆိုပြီး ဖြတ်သေးတယ်တဲ့။ ၁၈ နှစ် မပြည့်သေးတဲ့ သူတွေလည်း ပါတယ်။ ၁၈ နှစ်အထက် ၁၉ နှစ် ဒီလောက်လေးတွေပဲ ရှိကြသေးတယ်။ ဒါပေမဲ့ ဒီကောင်မလေးတွေက မေးတာ ကျမတို့ကို ဘယ်ကို ခေါ်သွားမှာလဲ။ အကို့အနေနဲ့ သိလို့ရှိရင် ကျမတို့ကို ပြောပြပါလားဆိုတော့ ကျနော်က မေးပေးတယ် သူတို့ကို မေးပေးတဲ့အခါကျတော့ ဘာပြောလဲဆိုတော့ တောမောရုံး (လူဝင်မှုကြီးကြပ်ရေးရုံး) ကို ခေါ်သွားမှာတဲ့။ နိုင်ငံထဲကို ဝင်လာတာ ဘာစာရွက်စာတမ်းမှ မရှိတဲ့အတွက် သူတို့ကို ပြန်ပို့မှာလို့ပဲ ပြောတယ်။ အခု ဘန်ကောက်က တောမောရုံးကို ပို့လိုက်ပြီ။”

အလားတူပဲ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်း-မလေး နယ်စပ် ကတန်လှေဆိပ်မှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ကယ်တင်နိုင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းကလည်း ပြောပါတယ်။

“ရခိုင်ပွဲစားနဲ့ မြန်မာပွဲစားတွေက ဒီအလုပ်သမားတွေကို ဝက်သားအလုပ်ရုံရှိတယ်။ ဘဲသားအလုပ်ရုံ၊ ကြက်သားအလုပ်ရုံ ရှိတယ်ဆိုပြီးတော့ ခေါ်တယ်။ အဲ့ဒါတွေက ဗမာတွေပဲ။ ရခိုင်တွေကျတော့ သူတို့ကို ပန်းရံလုပ်ဖို့ ဘန်ကောက်သွားမယ်ဆိုပြီးတော့ ခေါ်တယ်။ ဒီအလုပ်သမားတွေ တစ်ဦးချင်းဆီကနေပြီးတော့ ကျပ်ငွေ ၁ သိန်းကနေ ၃ သိန်းအထိ အလုပ်သမားတွေဆီက စရံ ယူထားပြီးဖြစ်တယ်။ ကျနော့်ဆီမှာ အကူအညီ တောင်းတဲ့ နှစ်ယောက်နာမည်ကတော့ သက်လင်းထွန်း၊ အသက်က ၁၈ နှစ်ပဲ ပဲခူးတိုင်း ပြွန်တန်ဆာမြို့နယ်က။ နောက်တယောက်ကလည်း အသက် ၄၀ အရွယ် ပဲခူးတိုင်း ပြွန်တန်ဆာမြို့နယ်ကပဲ သူတို့နှစ်ယောက်ကိုတော့ မနက်ဖြန် (သို့မဟုတ်) သန်ဘက်ခါမှာ ပြန်ပို့ပေးမယ်လို့ ပြောတယ်။ သူတို့ ငါးဖမ်းလှေပေါ် ပါသွားတာ။ သူဋ္ဌေးက ပြန်ပေးမယ်လို့ ပြောတယ်။ ပုလိပ်တွေကလည်း အာမခံတယ်။ နောက်ထပ် ရခိုင် ၄ ယောက်ကတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကျောက်ဆိတ်တောင် အုပ်စု ရွှေပြည်ရွာက ကိုမောင်ရှည် (အသက် ၃၅ နှစ်)၊ မောင်ခင်လှိုင် (အသက် ၃၅ နှစ်)၊ မဝင်းကြည် အသက် (၂၉ နှစ်)၊ ခင်မောင်စိုး (အသက် ၂၀) သူတို့ကို ရလိုက်တယ်။”

ထိုင်းနိုင်ငံတွင်းကို အလုပ်အကိုင် ရှာဖွေဖို့ လာရင်းနဲ့ မြန်မာနိုင်ငံသားတွေဟာ လူပွဲစားတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံထဲမှာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ လူကုန်ကူးခံရသူ ၄၀၀ လောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ဒါပေမဲ့ လူကုန်ကူးခံရမှုတွေက အများအပြား ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ထိုင်းတောင်ပိုင်းက လှေတွေ တော်တော်များများမှာ မြန်မာနိုင်ငံသားတွေဟာ လုပ်အားခ မရဘဲ ရောင်းစားခံနေရကြောင်းတွေကို ပြောပြခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ နှစ်စဉ် လူကုန်ကူးမှု အစီရင်ခံစာကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရော၊ ထိုင်းနိုင်ငံပါ နှစ်နိုင်ငံစလုံးက လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ခံရတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
XS
SM
MD
LG