သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနေမြန်မာတချို့ မော်တော်ကားဝယ်ခွင့်ရပြီ


(ဓာတ်ပုံ-အေးအေးမာ ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ-အေးအေးမာ ဗွီအိုအေမြန်မာပိုင်း)

ထိုင်းနိုင်ငံအတွင်းမှာ အချိန်ကြာမြင့်စွာ နေထိုင်နေကြတဲ့ မြန်မာပြည်သားတွေအနေနဲ့ ယာဉ်ဝယ်ခွင့်နဲ့ ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေတရပ်ဟာ အခုရက်ပိုင်းအတွင်းမှာပဲ စတင် အသက်ဝင်ခဲ့ပါပြီ။

ဒီဥပဒေနဲ့ အကျုံးဝင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံသားတွေလိုပဲ အစိုးရဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နဲ့ ကျောင်းတွေမှာ အခမဲ့ပညာသင်ကြားခွင့်တွေ ရရှိကြမှာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ဘယ်လိုအချက်အလက်တွေက အကျုံးဝင်သလဲဆိုတာကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ ဆက်သွယ်စုံစမ်းထားချက်တွေကို မခွာညိုက တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ချမှတ်ခဲ့တဲ့ ဥပဒေအရ ထိုင်းနိုင်ငံမှာအနေကြာပြီး ၁၀ နှစ်ခံကဒ်လို့ လူသိများတဲ့ တရားဝင်နေထိုင်ခွင့် အထောက်အထား ၁၀ နှစ် သက်တမ်းပေးထားတဲ့ကဒ် ကိုင်ဆောင်ထားသူတွေနဲ့ နိုင်ငံကူးလက်မှတ်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူတွေဟာ ယာဉ်ပစ္စည်းတွေနဲ့ ယာဉ်ဝယ်ယူခွင့်အပြင် ယာဉ်မောင်း လိုင်စင်လည်း ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်း စတင် အသက်ဝင်လာပြီဖြစ်တဲ့ ဒီဥပဒေနဲ့ ပတ်သက်လို့ ထိုင်းလုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပြပါတယ်။

“ပတ်စ်ပို့သမားတွေက သူဌေးနော် စာ အလုပ်လုပ်ခွင့်ပါမစ်ပါ ပါရမယ်။ သူဌေးအိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် အဲ့လိုပေါ့ ဖြေတဲ့အခါကျရင်ပေါ့ အဲ့လိုနော်။ တကယ်လို့ အရောင်းအဝယ်လည်း သူဌေးဥစ္စာလည်း ပါရမယ်။ ပတ်စ်ပို့သမားတွေပေ့ါနော်။ ၁၀ နှစ်ခံကဒ် ကိုင်ဆောင်ထားသူတွေကတော့ သူဌေးမလိုဘူး။ အလုပ်လုပ်ခွင့် ပါမစ်လည်း မလိုဘူး။ ပန်းရောင်ကဒ်လည်း လုပ်ပေးတယ်။ လုပ်ပေးတဲ့သူက သူဌေး အိမ်ထောင်စုစာရင်းရော၊ ဘာရော အကုန်ပါရမယ်။ သူက တခြားနယ်ကျော်ပြီးတော့ သွားလုပ်လို့မရဘူး။ ကိုယ်နေတဲ့နေရာပဲ လုပ်ရတယ်။ အရောင်းအဝယ်လုပ်ရတယ်။”

၁၀ နှစ်ခံကဒ်မှာ ထိုင်းနိုင်ငံအတွင်း အနေကြာပေမယ့် အထောက်အထားပြနိုင်ခြင်းမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ထုတ်ပေးတဲ့ကဒ်ကိုတော့ နှစ်မျိုးခွဲထားပါတယ်။ ကဒ် နှစ်မျိုးစလုံးမှာ မဂဏန်း ၁၃ လုံးပါပြီး- သုည - နဲ့စပြီး ဂဏန်း ၆ လုံးမြောက်နဲ့ ၇ လုံးမြောက်မှာ ၈ နဲ့ ၉ ပါတဲ့ ကဒ်တွေသာ အခုထုတ်ပြန်တဲ့ ဥပဒေနဲ့ အကျုံး ဝင်မှာဖြစ်ပြီး ၈ နဲ့ ၉ ဂဏန်းမပါတဲ့ကဒ် ကိုင်ဆောင်သူတွေက ဒီဥပဒေပါ အခွင့်အရေး ရမှာ မဟုတ်ပါဘူး။

“သုည အရှေ့ပေါ့နော် နောက်ပြီးရင် ၈၊ ၉ ဖြစ်ရမယ်။ အဲ့လိုလူတွေက ရတယ်။ အရှေ့မှာလည်း သုည၊ အနောက်မှာလည်း သုည ဆိုရင် အဲ့လိုကတော့ မရဘူး။ အားလုံး သုညဖြစ်တဲ့သူတွေက မရဘူးပေါ့။”

ဂဏန်း ၈ နဲ့ ၉ ပါတဲ့အဓိပ္ပာယ်က သူတို့နေထိုင်ရာ ထိုင်းနိုင်ငံအတွင်းက ကျေးရွာတွေမှာ သန်းခေါင်စာရင်း ရရှိထားသူတွေဖြစ်ပြီး ရှေ့က သုည နဲ့စပြီး ဂဏန်း ၆ လုံး မြောက်နဲ့ ၇ လုံးမြောက်မှာ သုည - တွေပဲ ပါနေရင်တော့ အဲဒီကဒ် ကိုင်ဆောင်သူတွေဟာ နေထိုင်ရာ အတည် တကျ မရှိသေးသူတွေလို့ သတ်မှတ်ပါတယ်။

သန်းခေါင်စာရင်းရထားတဲ့ အလယ်မှာ ၈ နဲ့ ၉ ပါတဲ့ ဆယ်နှစ်ခံ ကဒ် ကိုင်ဆိုင်သူတွေဟာ ထိုင်းနိုင်ငံသားတွေနည်းတူ သက်ဆိုင်ရာ အစိုးရ ဆေးရုံ တွေမှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ ကလေးတွေ အခမဲ့ပညာသင်ကြားခွင့်တွေကိုလည်း တပါတည်း ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံအနှံ့ ခရီးသွားခွင့်လည်း ရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တစ်နှစ်တစ်ကြိမ်သက်တမ်းတိုးရတဲ့ ဘတ် - လို့ခေါ်တဲ့ နေထိုင်ခွင့်ကဒ် ကိုင်ဆောင်ထားသူတွေအတွက်တော့ အလုပ်လုပ်ခွင့် ကဒ် ရှိရင်တောင် တမြို့ထဲ မှာ ဒီဘက်ရပ်ကွက်ကနေ ဟိုဘက်ရပ်ကွက်ကို ကူးသန်းခွင့်သလို အလုပ်ပြောင်းရွှေ့ လုပ်ကိုင်ခွင့်လည်း မရှိကြပါဘူး။

ထိုင်းနိုင်ငံက တရားဝင်ထုတ်ပေးတဲ့ ဆယ်နှစ်ခံလက်မှတ်ကိုင်ဆောင်ထားနိုင်တဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာဉ်ဝယ်ယူခွင့်နဲ့ လိုင်စင်လုပ်ခွင့်ဆိုတာကလည်း ဒါဟာ ပထမဆုံးရတဲ့ အခွင့်အရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်က ယာဉ်မောင်းလိုင်စင်လုပ်ခွင့်ဥပဒေ ပြဌာန်းပေးခဲ့တာရှိခဲ့ပြီး အခုထုတ်ပြန်တဲ့ ဥပဒေသစ်အရ ဥပဒေဟောင်းကို ဖျက်သိမ်း လိုက်တဲ့အတွက်လည်း အရင်ဥပဒေအရ ထုတ်ပေးထားတဲ့ လိုင်စင်ဟောင်းကိုင်ဆောင်သူတွေလည်း လိုင်စင်သစ်ပြန်လုပ်ရမှာ ဖြစ်ပါတယ်။

ဒီဥပဒေအတည်မပြုခင်အချိန်အထိ ဒီလက်မှတ်ကိုင်ဆောင်ထားသူတွေဟာ ယာဉ်မောင်းခွင့်မရှိတဲ့အတွက် မကြာခဏ ဖမ်းဆီးခံရတာ ဒဏ်ငွေ ပေးဆောင်ရတာတွေ ရှိနေခဲ့တာပါ။ ယာဉ်မောင်းသူတွေလိုက်နာရမယ့်စည်းကမ်း အတော်များများ ထပ်တိုးလာတဲ့အတွက် ယာဉ် မောင်းခွင့် လိုင်စင်ဖြေဆိုရာမှာလည်း အရင်က ထက် ပိုခက်ခဲလာမှာဖြစ်ပါတယ်။ ယာဉ်မောင်းခွင့်လိုင်စင် စာမေးပွဲကို အင်္ဂလိပ်၊ ထိုင်း နှစ်ဘာသာအနက် နှစ်သက်ရာ ဘာသာနဲ့ ဖြေဆို နိုင်ကြပါတယ်။ မြန်မာနိုင်ငံသား အများစုက ဒီဥပဒေဟာ အခွင့်အလမ်းကောင်းတရပ်အဖြစ် ရှုမြင်ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG